DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေကြမ်း ပြန်လည်ပြင်ဆင်ရန် လိုအပ်
DVB
·
December 5, 2012
Donate to DVB

ဆက်သွယ်ရေးဥပဒေကြမ်းမှာ အစိုးရ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ကို ပိုမိုပေးထားတယ်လို့ တင်ရှားတဲ့ ဘလောဂ်ဂါနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေဖုန်းလတ်က ဝေဖန်ပြောဆိုပါတယ်။

ဒီဥပဒေကြမ်းကို အများသူငါ အကြံပြုတင်ပြနိုင်အောင် ထုတ်ပြန်ထားတာဖြစ်သလို ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) MICT Park မှာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အဲဒီဆွေးနွေးပွဲတုန်းက တက်ရောက်လာကြသူတွေက အစိုးရ၀န်ကြီးဌာနကို ချိန်ခွင့်လျှာညှိပေးဖို့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုလည်း လိုအပ်တယ်ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ ဦးနေဖုန်းလတ်က ပြောပါတယ်။

“အဓိကက ၀န်ကြီးဌာနတွေ လုပ်ပိုင်ခွင့် များနေတဲ့ကိစ္စကို ပြောကြတယ်။ နောက်ပြီး လုပ်ငန်းမှန်သမျှကို လိုင်စင်တင်ရမယ်ဆိုတဲ့ကိစ္စတွေ ဆွေးနွေးဖြစ်တယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်ကိစ္စတွေကို ကျနော်ဆွေးနွေးတယ်။ စကားလုံးတွေ အတိအကျမရှိဘဲနဲ့ လိုသလိုဆွဲပြီး အရေးယူလို့ရတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာကို ဆွေးနွေးတယ်။ ၀န်ကြီးဌာနကို ပြန်ပြီးတော့ စစ်ဆေးဖို့ အခြားပညာရှင်တွေ၊ နားလည်တတ်ကျွမ်းတဲ့သူတွေထည့်ပြီး လွတ်လပ်တဲ့ ကော်မရှင်တရပ်ဖွဲ့စည်းဖို့ အဲဒီအချက်တွေ မပါသေးတဲ့ကိစ္စတွေ ဆွေးနွေးတယ်။”

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဦးစီးတဲ့ ဒီအကြံပြုဆွေးနွေးပွဲကို အိုင်တီနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ တက်ရောက်ပြီး ဥပဒေကြမ်းမှာပါတဲ့ ပြစ်မှု၊ ပြစ်ဒဏ် နဲ့ လိုင်စင်ကိစ္စတွေကို အဓိကထား ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

သတင်းအချက်အလက် လက်ခံရုံနဲ့ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချနိုင်တဲ့ ပုဒ်မတွေ ပါဝင်နေတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ဆွေးနွေးချက်တွေကို ပြည်သူ့လွှတ်တော်မှာ ဥပဒေပြုတဲ့အခါမှာ ထည့်သွင်းမလားဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ ဦးနေဖုန်းလတ်က ပြောပါတယ်။

ဆင်းကတ်တခုကို ကျပ် ၅၀၀၀ ရစေဖို့ စတင်ပြောဆိုတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီက မန်းနေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးကလည်း ဆွေးနွေးချက်တွေကို ကြိုဆိုလိုက်ပြီး ဆက်သွယ်ရေးဥပဒေမူကြမ်းဟာ ဒီမိုကရေစီမူဘောင်တွေနဲ့ ညီညွတ်ပြီးတော့ ပြည်သူတွေရဲ့ လုံခြုံရေးကို မထိပါးဖို့ အကြံပြုလိုတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013