DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် ကျောင်းသား ၂ ဦးအပါအဝင် လူငယ် ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
July 29, 2019
ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် ကျောင်းသား ၂ ဦးအပါအဝင် လူငယ် ၁၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းမပေါ်က ကားတစီးပေါ်မှာ လိုက်ပါလာကြတဲ့ လူငယ် ၁၀ ဦးနဲ့ ကားမောင်းသူ ၁ ဦးကို ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို ဖမ်းဆီးပြီးနောက် ကားပေါ်မှာ လိုက်ပါလာတဲ့ ရသေ့တောင်မြို့နယ် ပြာပင်ရင်း ကျေးရွာက အသက် ၁၈ နှစ်အရွယ် ၁၀ တန်း ကျောင်းသား မောင်နေလင်းထွန်းနဲ့ အသက် ၁၄ နှစ်အရွယ် မောင်သိန်းဆန်းဦးတို့ကို ဖမ်းဆီးထားကြောင်း မိသားစုဝင်တွေကို ပုဏ္ဏား ကျွန်းမြို့မရဲစခန်းက ဆက်သွယ်အကြောင်းကြားလာတာလို့ ဆိုပါတယ်။

မောင်နေလင်းထွန်းရဲ့ ဦးလေးဖြစ်သူက “ကားသမားအပါအဝင် ၁၁ ယောက်ကို ဖမ်းထား တယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ ပြာပင်ရင်းက ကလေးနှစ်ဦးပါတယ်။ ကျောင်းသားအရွယ် အဲဒီလိုပြောတယ်။ အဲလောက်ပဲသိရတယ်။ ပုဏ္ဏားကျွန်းရဲစခန်းက အကြောင်းကြားလာတာပါ။ တွေ့ခွင့်မရသေးပါဘူး။ မိဘတွေမှာတော့ ကလေးတွေနဲ့ တွေ့ချင်တာပေါ့”လို့ ပြောပါတယ်။

ရဲစခန်းက ဆက်သွယ်လာပြီးနောက်မှာတော့ မိသားစုဝင်တွေက သွားရောက်တွေ့ဆုံခွင့် တောင်းခဲ့ကြပေမယ့် ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ဘူးလို့ ဆိုကြပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ၁၁ ဦးပါတယ်ဆိုတာကို အတည်ပြုနိုင်ပေမယ့် အဲဒီ လူငယ်နှစ်ဦးမှအပ ကျန်တဲ့သူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေဘူးလို့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ပြောပါတယ်။

“လူ ၁၁ ကို အတည်ပြုလို့ရတယ်။ ဘယ်မြို့နယ်က ပါလဲဆိုတာကို တယောက်မှ မသိဘူး။ ၁၁ ယောက်ထဲမှာတော့ ကားဒရိုက်ဘာယောက်၊ နောက် ၁၀ ယောက်ပေါ့။ ၂ ယောက်ကတော့ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာကပေါ့။ ပြာပင်ရင်းကျေးရွာဆိုတာ ၂၀ ရက်နေ့က နေဗီပစ်ခတ်မှုဖြစ်တဲ့ အနားက ၄၊ ၅ ရွာလောက်ကလည်း ပြေးကြတယ်။ သူတို့လည်း ပြေးကြတယ်။ လွှင့်သွားတာပေါ့ သူတို့ကလည်း။ သူတို့နှစ်ယာက်ကို ကားပေါ်မှာတွေ့လို့ ဖမ်းသွားတယ်။ နောက် ၉ ယောက်ကို ဒီနေ့ထိ သတင်းမရသေးဘူး”လို့ပြောပါတယ်။

အဲ့ဒီဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က မယူမြစ်ထဲမှာရှိတဲ့ တပ်မတော်ရေတပ် သင်္ဘော ၃ စီးကို အေအေ က တိုက်ခိုက်ပြီးတဲ့နောက်မှာ ကြောက်လန့်ထွက်ပြေးသွားတဲ့အထဲမှာ ပါဝင်ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူတို့ကို စစ်ဆေးမေးမြန်းနေဆဲဖြစ်လို့ တစုံတရာထုတ်ဖော်ပြောဆိုဖို့ မဖြစ်နိုင်သေးကြောင်း ပြောဆိုတယ်လို့လည်း ဦးခင်မောင်လတ်က ပြောပါတယ်။ 

ဦးခင်မောင်လတ်ကတော့ သူတို့ ၁၁ ဦးကို ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်တွေကို ယူဆောင်သွားပြီလို့ ပြောဆိုပေမဲ့ မိသားစုဝင်တွေက ရမန်ယူမယ်လို့ သတင်းထွက်နေကြောင်း ဒီနေ့မှာ ပုဏ္ဏားကျွန်းမြို့တရားရုံးကို သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် ရောက်မလာဘူးလို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပုဏ္ဏားကျွန်းမြို့မစခန်းကို ဆက်သွယ်ရာ မှာတော့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ဆက်လက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကို မေးမြန်းရာမှာ “လွှတ်တော်ကိုယ်စားလှယ်တွေကို မေးလိုက်ဗျာ။ ဟုတ်သလားလို့။ ခင်ဗျားကျနော်ပြောတာ ရှင်းလားမသိဘူး။ မိသားစုတွေကိုမေးလိုက်လို့။ ဟုတ်တယ်လို့ပြောရင် ပြီးရောပေါ့ဗျာ” လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိသားစုတွေကတော့ သူတို့ကို စစ်ဆေးတဲ့အခါ လူ့အခွင့်အရေးမချိုးဖောက်ဖို့၊ ဥပဒေဘောင်အတွင်းကသာ စစ်ဆေးဖို့ လိုလားနေကြပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက်မှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ ဖမ်းဆီးစဉ်အတွင်း စစ်ကြောရေးလုပ်စဉ် သေဆုံးတာတွေလည်း မကြာခဏရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013