DVB Logo
Home
မြန်မာသတင်း
အာဆီယံခေါင်းဆောင်မှုဖိုရမ် ရန်ကုန်တွင် ကျင်းပ
DVB
·
December 5, 2012
အာဆီယံခေါင်းဆောင်မှုဖိုရမ် ရန်ကုန်တွင် ကျင်းပ
Donate to DVB

အာဆီယံ ခေါင်းဆောင် ၁၀၀ ဆွေးနွေးပွဲကို ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ စတင်ပြီး  ၂ ရက်ကြာ ကျင်းပနေရာမှာ ဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားဖို့  ရှိနေပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေက နိုင်ငံရေး၊  စီးပွားရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းနယ်ပယ်က အထင်ကရ ခေါင်းဆောင်တွေဟာ ဒေသအနာဂတ်အရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေမှာ နှစ်စဉ် လှည့်လည်ပြီး ဆွေးနွေးပွဲကျင်းပရာမှာ ဒီနှစ် ရန်ကုန်မှာ လာရောက်ဆွေးနွေးနေကြတာပါ။

ဒီနှစ် ဆွေးနွေးပွဲကို လှိုင်းထန်နေတဲ့ကမ္ဘာ၊ နိုးထလာတဲ့အာရှနဲ့ အဲဒီကနေ ကျွန်ုပ်တို့ ဘယ်ကိုသွားကြမလဲ ဆိုတဲ့ ခေါင်းစဉ်ပေးထားပြီး တက်ရောက်ဆွေးနွေးမယ့်သူတွေဟာ အာဆီယံ ပြုပြင်ပြောင်းလဲရေးနဲ့ လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးပြောဆိုနေကြတာပါ။

ဒီညီလာခံကို ဦးဆောင်စီစဉ်တဲ့ Mr. Dato Timothy Ong  က  “ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့အချိန်ပါ။ ဆယ်စုနှစ်တွေနဲ့ချီ အထီးကျန်နေခဲ့ပြီးနောက် လူဦးရေသန်း ၆၀ ကျော်ရှိတဲ့ သယံဇာတကြွယ်ဝတဲ့ နိုင်ငံဟာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်တွေနဲ့ ကမ္ဘာဆီကို တံခါးဖွင့်လိုက်ချိန်ဖြစ်တယ်” လို့ အာဆီယံခေါင်းဆောင် ၁၀၀ ၀က်ဘ်ဆိုက်မှာ ပြောပါတယ်။

ဒါ့ပြင် အာဆီယံအတွက်လည်း ပထ၀ီနိုင်ငံရေးသစ်နဲ့ လက်တွေ့ စီးပွားရေး အခြေအနေတွေအားဖြင့် သူ့ရဲ့စည်းလုံးညီညွတ်မှုနဲ့ ခံနိုင်ရည်ကို စမ်းသပ်ခံနေရတဲ့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေတုန်းကလို ဒီနှစ်ဆွေးနွေးပွဲဟာလည်း  ဆွေးနွေးငြင်းခုံ ဖလှယ်မှုတွေအတွင်းမှာ နိုင်ငံရေး စီးပွားရေးနဲ့ လူထူအခြေပြုအဖွဲ့အစည်းတွေအတွင်းက အာဆီယံရဲ့ လက်ရှိနဲ့ အနာဂတ်ခေါင်းဆောင်တွေ အတူတကွ ထွက်ပေါ်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒီဆွေးနွေးပွဲဟာ အချင်းချင်း ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ဖို့၊ မြန်မာနဲ့ အာဆီယံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမိုနားလည်ဖို့ တမူထူးတဲ့ အခွင့်အလမ်း ဖြစ်လိမ်မယ့်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲ ပထမနေ့မှာ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဒေါက်တာကံဇော်တို့ မိန့်ခွန်းပြောခဲ့ပြီး ညပိုင်းမှာ ဒု - သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မြန်မာနိုင်ငံအတွက် စိန်ခေါ်ချက်တွေနဲ့ အခွင့်အလမ်းတွေအကြောင်း ပြောကြားဖို့ ရှိပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲအစီအစဉ်မှာတော့ တခြားနိုင်ငံတွေကို အမီလိုက်ဖို့ နောက်ကျန်ခဲ့တဲ့ မြန်မာနိုင်ငံဟာ တပန်းသာမှုတွေ ရှိနေသလားဆိုတာနဲ့ အာဆီယံကနေ သင်ခန်းစာယူစ ရာတွေအကြောင်း  မြန်မာနိုင်ငံက SPA ကုမ္ပဏီ ဥက္ကဋ္ဌ Mr ဆာ့ခ်ျပန်း၊  ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဟောင်ကောင်က စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က လှိုင်းထန်ပြီး အခက်အခဲတွေ ကြုံနေရချိန်မှာ ဒဏ်ခံနိုင်ရည်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းအရာကို ဟောပြောဖို့ အစီအစဉ် ရှိပါတယ်။

ဘရူနိုင်းနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း ဖိုရမ်မှာ တက်ရောက်မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ကြားထားပေမယ့် လာမယ်၊ မလာဘူးဆိုတာ အတည်မပြုနိုင်သေးဘူးလို့  စီစဉ်သူတွေက ပြောပါတယ်။

အာဆီယံခေါင်းဆောင် ၁၀၀ ဆွေးနွေးပွဲကို ၂၀၀၃ ခုနှစ်ကတည်းက မလေးရှားနိုင်ငံမှာ စတင် ကျင်းပခဲ့တာဖြစ်ပြီး ၉ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013