DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို  မြန်မာကိုယ်စားလှယ်အဖွဲ့သွားရောက်
DVB
·
July 29, 2019
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို  မြန်မာကိုယ်စားလှယ်အဖွဲ့သွားရောက်
1 / 4
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရောက်ရှိနေတဲ့ ဟိန္ဒူဒုက္ခသည် ၄၀၀ ကျော်ကို နေရပ်ပြန်လည်ခေါ်ယူလိုတယ်လို့ မြန်မာနိုင်ငံခြားဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံခြားဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဇ့်ဘဇားဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ရက်က သွားရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

ကော့ဇ်ဘဇားဒုက္ခသည်စခန်းက ကုလသမဂ္ဂရုံးမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းနဲ့ အထူးသဖြင့် ဒီမှာရောက်ရှိတဲ့ ဟိန္ဒူအသိုက်အဝန်းက ၄၄၄ ယောက်ကို ပြန်ခေါ်ဖို့ ဆန္ဒရှိတဲ့အကြောင်း အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဝန်ကြီးအဆင့်ရော နှစ်နိုင်ငံ ပူးပေါင်းလုပ်ငန်းအဖွဲ့ အဆင့်နဲ့ပါ တွေ့ဆုံဖို့ရှိသလို ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး ဒုက္ခသည်တွေနေရပ်ပြန်ပို့ဖို့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးသွားမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။  

ဒုက္ခသည်တွေကတော့ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်မှသာ နေရပ်ပြန်လာမယ်လို့ ပြောကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီလ်မိုဟာမက်က “မြန်မာနိုင်ငံမှာ ကျနော်တို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်မပြုရင် ကျနော်တို့ မပြန်ဘူးလို့ သူတို့ကို ပြောခဲ့တယ်” ----  “ကျနော်တို့ နိုင်ငံသားလိုချင်ပါတယ်၊ ကျနော်တို့ အခွင့်အရေးတွေ ကျနော်တို့ လိုချင်ပါတယ်။ သူတို့ကို မယုံပါဘူး။ အဲဒီမှာ နိုင်ငံတကာရဲ့ အကာအကွယ်ရမှပဲ ကျနော်တို့ ပြန်မှာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံခြားဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကတော့ ဒုက္ခသည်တွေအနေနဲ့  ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ရမှာ မဟုတ်ပေမယ့် နိုင်ငံသားဖြစ်ခွင့် လျောက်ထားနိုင်မယ်လို့ ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မရှင် အကြီးအကဲ အဘူကာလမ်ကတော့ “ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး စတင်ဖို့အတွက် ကျနော်တို့ဘက်က ဘယ်အချိန်မဆိုအသင့်ပါပဲ။ ရိုဟင်ဂျာတွေနေရပ်ပြန်ခွင့်ပြုဖို့ မြန်မာနိုင်ငံက အခြေအနေတခု ဖန်တီးပေးတဲ့အပေါ် မူတည်တယ်”လို့ ပြောပါတယ်။

ဒါဟာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်မြောက် သွားရောက်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ပထမအကြိမ် သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ က အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို  လူပေါင်း ၇ သိန်းကျော် နေရပ်စွန့်ခွာထွက်သွားခဲ့ကြတာပါ။

ကိုးကား- ရိုက်တာ- ဒါကာထရီဗြူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013