DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် အိုင်အန်ဂျီအို ဝန်ထမ်း ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
July 29, 2019
မြောက်ဦးတွင် အိုင်အန်ဂျီအို ဝန်ထမ်း ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်အနီးမှာ ဇူလိုင် ၂၈ ရက် ည ၇ နာရီလောက်က အိုင်အန်ဂျီအိုဝန်ထမ်းတဦးသေနတ်နဲ့ ပစ်ခတ်ရပြီး ဒဏ်ရာ အပြင်းအထန်ရသွားလို့  စစ်တွေ ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးလိုက်ရပါတယ်။

မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်မှာ ဆိုင်ကယ်နဲ့ သွားနေစဉ် တပ်မတော်စစ်ကြောင်းတခုက လှမ်းခေါ်ရာမှာ ဆိုင်ကယ်ကို မရပ်တန့်ဘဲ ဆက် မောင်းသွားတဲ့အတွက်  သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒဏ်ရာရသူရဲ့ မိသားစုက ပြောပါတယ်။

ကိုရဲလင်းနိုင်ရဲ့အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က“ကျမမောင်လေးကဆိုင်ကယ်နဲ့ သွားနေစဉ်မှာ တပ်မတော်စစ်ကြောင်းက လှမ်းပြီးပစ်လိုက်တာ။ အဲ့ဒီမှာ ကျမမောင်လေးကို စစ်ကြောင်းက လှမ်းခေါ်တယ်လို့ပြောတယ်။ မောင်လေးက ဆိုင်ကယ်မောင်းနေတော့ မကြားဘူး။ မကြားတော့ အဲ့ဒီမှာ ပစ်လိုက်တာ။ ဘယ်ဘက် ရင်အုံးမှာ သေနတ်ကျည်ဆန်သုံးချက်ထိသွားတယ်။ မြောက်ဦးဆရာဝန်ကပြောလိုက်တယ်။ အဆုပ်ကပေါက်သွားတယ်။ နှလုံးသွေးကြောတွေ ပေါက်သွားတယ်လို့ပြောတယ်။ ဒဏ်ရာကတော့ တော်တော်စိုးရိမ်ရတယ်” လို့ပြောပါတယ်။

ကိုရဲလင်းနိုင်ဟာ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့  Plan internationalရဲ့ ဝန်ထမ်းတဦးဖြစ်ပြီး အဲ့ဒီ အဖွဲ့အစည်းမှာလုပ်ဆောင်လာတာ ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။

ကျည်ဆန် ထိမှန်သွားတဲ့ ကိုရဲလင်းနိုင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ကူညီဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့  မိသားစုထံက သိရပါတယ်။

ကိုရဲလင်းနိုင်ရဲ့ ဖခင် ဦးသာချမ်းအောင်က “ကျနော့်သားကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်။ တရားသူကြီးက ပြောဆို လိုက်တာ။ အဲ့ဒီမှာသူ့ကို ရမန် ၁၂ ရက်ပေးလိုက်တယ်။ ပြီးတော့ မြောက်ဦးကနေ စစ်တွေလာဖို့ ရဲလုံခြုံရေး ၆ ယောက် ထည့်ပေးလိုက်တယ်။ အခုလို တမင် ပစ်လိုက်တဲ့အပေါ်မှာ အခုလိုဖြစ် သွားတော့ ပြောမပြတ်အောင်ခံစားရတယ်။ သူမှာလည်းအမေကမရှိတော့ဘူး” လို့ပြောပါတယ်။

ကိုရဲလင်းနိုင် ဒဏ်ရာရှိသွားပြီးနောက် တပ်မတော် တာဝန်ရှိသူတွေက မြောက်ဦးဆေးရုံကို လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လူနာကို မနေ့ ညနေပိုင်းနဲ့ မနက်ပိုင်းတွေမှာ မကြာခဏလာရောက်ကြည့်ရှု တာတွေရှိတယ်လို့လည်း ကိုရဲလင်းနိုင်ရဲ့ မိသားစုက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ကြားအဖွဲ့က တာဝန်ရှိသူတွေနဲ့ မြောက်ဦး မြို့မရဲစခန်းကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013