DVB Logo
Home
မြန်မာသတင်း
ပေါင်းလောင်းဆည်ကြောင့် ပျက်စီးဆုံးရှုံးမှု သိမြင်စေရန် မီဒီယာများကို ဖိတ်ခေါ်
DVB
·
December 5, 2012
ပေါင်းလောင်းဆည်ကြောင့် ပျက်စီးဆုံးရှုံးမှု သိမြင်စေရန် မီဒီယာများကို ဖိတ်ခေါ်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက  ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာပေါင်း ၂၀ ရေလွှမ်းခံရဖွယ်ရှိနေတာကို တာဝန်ရှိသူတွေ ထိထိရောက်ရောက် ထောက်ပံ့ မပေးတဲ့အတွက်   ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ လာရောက်ကြည့်ရှုဖို့ ဒေသခံတွေက ဖိတ်ခေါ်လိုက်ပါတယ်။

ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ဆည်ကြီးပြီးသွားရင် ၂၀၁၃ ခုနှစ်ထဲမှာ အဲဒီအနီးနားပတ်ဝန်းကျင်က ရွာပေါင်း ၂၂ ဟာ  ရေ၀ပ် ဧရိယာတွေ ဖြစ်လာနိုင်တဲ့ အတွက်  မေလ နောက်ဆုံးထားပြီး  ရွှေ့ပြောင်းပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

[caption id="attachment_33968" align="alignleft" width="300" caption="ပေါင်းလောင်းဆည် တည်ဆောက်နေပုံ ( ဓာတ်ပုံ - ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့)"][/caption]

ဒါပေမယ့် နေရာသစ်မှာ နေရေးထိုင်ရေးကိစ္စ၊  အစားထိုးစိုက်ပျိုးနိုင်တဲ့မြေတွေ၊ အလုပ်အကိုင်တွေ အဆင်ပြေစေဖို့ သက်ဆိုင်ရာက  အရေးတယူ  ပြင်ဆင်ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် အခုထိရွာတွေ မရွှေ့နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဒါ့အပြင် လက်ရှိနေထိုင်နေတဲ့ ရွာတွေထဲ ရေတွေဝင်လာမှာကို ရွာသားတွေက စိုးရိမ်နေကြတဲ့အတွက် မီဒီယာတွေအနေနဲ့ လာရောက်ကြည့်ရှုသတင်းယူဖို့ ဖိတ်ခေါ်လိုက်တာလို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဝင် ခွန်းဘီဒူးက ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်ခံရတယ်၊ ပေါင်းလောင်းမှာ ဆည်ဆောက်မယ့် ရွာတွေ ရေမြုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြောပေမယ့် ထိရောက်မှု သိပ်မရှိဘူး။ မီဒီယာတွေ အဲဒေသကို သွားရောက်တွေ့နိုင်ရင် အဖြစ်မှန်ကို ပိုသိနိုင်မယ်။ အထူးသဖြင့် အဲဒေသက ပိုင်ဆိုင်မှုတွေ အားလုံးက ရေမြုပ်တဲ့အထဲပါသွားတယ်။ ရေမြုပ်တာတွေကို လျော်ကြေးအနေနဲ့ ပြန်ရဖို့က မသေချာတဲ့ အနေအထားမျိုးရှိနေတယ်။ ဒါကို မီဒီယာတွေကို ဖိတ်ပြီးတော့ အဲဒေသကို ကြည့်စေချင်တဲ့ သဘောပါ။”

မီဒီယာသမားတွေ ခရီးစဉ်အဆင်ပြေစေဖို့ ကယန်းလူငယ်တွေက စီစဉ်ပေးမှာဖြစ်ပြီး ၁၀ ရက်တာ ခရီးစဉ်အဖြစ် ဒီဇင်ဘာလ  ၂၇ ရက်ကနေစပြီး ရွာပေါင်း ၂၀ အနှံ့သွားရောက်မယ်လို့ ဆိုပါတယ်။

မီဒီယာတွေ ရောက်လာရင် ပြောင်းရွှေ့ခံရမယ့် သူတို့ ရွာအနေအထား၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ဆည်တည်ဆောက်ပြီးစီးမှု၊ ရွာသားတွေရဲ့ အခက်အခဲတွေကို သေသေချာချာတွေ့နိုင်မယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို  ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီ စာပို့ထားတဲ့အပြင် သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေက ဘာမှ ဆောင်ရွက်မပေးတဲ့အတွက် ဒီလထဲမှာ ဒုတိယအကြိမ်  သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ဦးမယ်လို့ ခွန်းဘီဒူးက ပြောပါတယ်။

ရွှေ့ပြောင်းခံရတဲ့အိမ်တွေ အစားထိုးပြန်ဆောက်ဖို့ လျော်ကြေးပေးမယ်လို့ ပြောထားပေမယ့် ခုထိ မရသေးကြောင်း၊ ရွှေ့ပြောင်းပြီးတဲ့ ရွာအချို့အတွက် လုပ်ကိုင်စားသောက်ဖို့ ချထားပေးတဲ့ မြေဟာလည်း စိုက်ပျိုးမှု မဖြစ်ထွန်းဘူးလို့ ဆိုပါတယ်။

ပေါင်းလောင်းဆည်ကနေ ရေအားလျှပ်စစ်ဓာတ် ထုတ်ယူမှာဖြစ်ပြီး နေပြည်တော်ကို လျှပ်စစ်မီးသွယ်တန်းပေးဖို့ ဖြစ်ကြောင်း၊ ဒီစီမံကိန်းကြောင့် ရွာပေါင်း ၂၀ ကျော်က အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်  နေရေးထိုင်ရေးနဲ့ အလုပ်အကိုင်အခက်တွေ့နေရတယ်လို့ ခွန်းဘီဒူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013