DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးငယ်များအတွက် ကျောင်းနှင့်စင်တာ အများအပြားလိုအပ်နေ
DVB
·
July 29, 2019
ဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးငယ်များအတွက် ကျောင်းနှင့်စင်တာ အများအပြားလိုအပ်နေ
1 / 4
Donate to DVB

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ အထွေထွေဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ဖွံ့ဖြိုးရေးကျောင်းတွေ၊ စင်တာတွေ အများအပြားလိုအပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း New Hope Association ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အထွေထွေဖွံ့ဖြိုးမှု aနာက်ကျတဲ့ ကလေးငယ်တွေဟာ မွေးရာပါအားနည်းမှု ရှိနေတာသာဖြစ်ပြီး သာမန်လူတန်းစေ့အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရာမှာလည်း အချိန်ယူပြီး ဆောင်ရွက်ပေးရတာဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်ဓာတ်နဲ့ အခြေအနေအရပ်ရပ်ကို မိဘတင်မက ပတ်ဝန်းကျင်ကပါ သိရှိနားလည်ထားပြီး ဝိုင်းဝန်းစောင့်ရှောက်ပေးနိုင်မှသာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်ဆန်လာမယ်လို့ ဆိုပါတယ်။

မန္တ​လေးမြို့မှာ အထွေထွေ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးငယ်တွေ အရေအတွက်ကို အတိအကျ စာရင်းကောက်ယူထားတာ မရှိပေမယ့် နိုင်ငံတော်ရဲ့ စာရင်းဇယားတွေအရ တနိုင်ငံလုံုး မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ လေးရာခိုင်နှုန်းဟာ အခုလို ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ 

မန္တ​လေးမြို့အတွင်း လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ မသန်စွမ်းသက်ငယ် စောင့်ရှောက်မှုကျောင်းမှာ ဒီလိုကလေးငယ်ပေါင်း ၁၀၀ လောက်ရှိပြီး ပုဂ္ဂလိကနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကျောင်းတွေမှာ ၄၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ နေအိမ်မှာတင် ရှိနေတဲ့ ကလေးငယ်တွေဟာ ဒီအရေအတွက်ရဲ့ ၄ ဆလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့လိုအပ်တဲ့ ကလေးငယ်တွေကို ရှာဖွေပြီး လေ့ကျင့်မှုစင်တာတွေ ဖွင့်လှစ်ပေးဖို့ လိုအပ်နေတယ်လို့ New Hope Association ရဲ့ ဥက္ကဋ္ဌ  ဒေါက်တာသန်းထွန်းမြင့်က ပြောပါတယ်။

''ကျနော်တို့တတွေ ခုလိုလုပ်ကိုင်နိုင်နေတာက တကွက် တနေရာလေးဖြစ်ပါတယ်။ တနိုင်ငံလုံး အချိုးအစားနဲ့ ကြည့်လို့ရှိရင် ဖွံ့ဖြိုးရေးကျောင်းတွေ၊ စင်တာတွေဟာ လုံလောက်မှု မရှိပါဘူး။ ဘာလို့တုန်းဆို သူက အကန့်အသတ်နဲ့ပဲ ကလေးငါးဦးမှာ တဦးနှုန်းနဲ့ ဖွင့်ရတာဆိုတော့ ကျွမ်းကျင်တဲ့ပညာရှင် အနေအထားနဲ့ကျတော့လည်း ကျောင်းတွေက အများကြီးမဖွင့်နိုင်ပါဘူး။ အများကြီးလည်း လက်ခံပြီးတော့ ကလေးတွေကို ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမျိုး မရှိတဲ့အတွက်ကြောင့် ကျနော်တို့ လေ့ကျင့်သင်ကြား ဖွံ့ဖြိုးအောင် မလုပ်နိုင်တဲ့ ကလေးတွေဟာ အများကြီးကျန်ပါသေးတယ်။ ဒါတွေကိုလည်း နိုင်ငံတော် အနေနဲ့ ဖော်ထုတ်ပြီးတော့ ဖွံ့ဖြိုးရေးစင်တာတွေ အများကြီး နေရာ၊ဒေသ၊ခရိုင်အလိုက် ဆက်လက်ပြီးတော့ ကျောင်းတွေ တည်ထောင်သွားနိုင်အောင်လို့ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင်တော့ ဒီကလေးတွေ အကုန်လုံးအတွက် ကောင်းမွန်ပြည့်စုံပါလိမ့်မယ်။”

အခုလို ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ မိဘတွေကိုယ်တိုင် မှားယွင်းစွာ ထိတွေ့ပြောဆိုဆက်ဆံမှုတွေ အများအပြားရှိကြတယ်လို့ ကလေးမိခင်တဦးကလည်း ပြောပါတယ်။ သာမန်ကလေးငယ်တွေနဲ့ မတူတဲ့အတွက် အားပေးဖို့လိုအပ်တာကို ကလေးမိဘတိုင်းက သိရှိနားလည်သင့်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီကလေးတွေ အများစုရဲ့ ပညာရေးအတွက် နိုင်ငံတော်က ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ 

ကလေးမိခင်တဦးဖြစ်တဲ့ ဒေါ်အေးအေးပြုံးက ''ကျမကလေးဆို ခုနစ်နှစ်ရှိပြီ။ ခုနစ်နှစ်ရှိတာကို ကျမတို့ ကျောင်းထားဖို့ရာကို အဆင်မပြေခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရှိတဲ့ကျောင်းတွေကလည်း Private ကျောင်းတွေ၊ ဈေးက အရမ်းမြင့်တယ်၊ မနက်ပိုင်း section ၁ သိန်း၊ ညနေပိုင်း section ၁ သိန်းဆို ကျမတို့ ဝန်ထမ်းတွေအနေနဲ့ ထားဖို့အဆင်မပြေဘူး။ နောက် အစိုးရ လူမှုဝန်ထမ်းက ဖွင့်တဲ့ ကျောင်းကျတော့ လူဦးရေ ၁၀၀ ပဲ ကန့်သတ်ထားတယ်။ အဲဒီ ၁၀၀ ထက် မရတော့ဘူးဆိုတော့ ကျမ ကလေးလိုမျိုးပဲ ကျောင်းနေရမယ့်အခြေအနေမှာ ကျောင်းတက်ခွင့် ဆုံးရှုံးမှုတွေ ရှိနိုင်လိမ့်မယ်လို့ ထင်တယ်။ ဒီလို လူမှုဝန်ထမ်းကျောင်းလိုမျိုး ဒီထက်မက ဖွင့်ပေးနိုင်လို့ရှိရင် ပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်၊ ဖွင့်လည်း ဖွင့်စေချင်ပါတယ်” လို့ ပြောပါတယ်။

မသန်စွမ်းသက်ငယ်စောင့်ရှောက်မှုကျောင်းတွေကတော့ လူမှုဝန်ထမ်းဦးစီးဌာနကနေ ရန်ကုန်နဲ့ မန္တ​လေးမှာ တကျောင်းစီ ဖွင့်လှစ်ထားပြီး ပုဂ္ဂလိက ကျောင်း ငါးကျောင်းခန့်သာ ရှိတယ်လို့ သိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ဖွင့်လှစ်ထားတာကတော့ မန္တလေးမြို့က New Hope Association တခုသာရှိတယ်လို့ သိရပါတယ်။

မန္တ​လေးမြို့ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၊ New Hope Association နဲ့ ပုဂ္ဂလိက ကျောင်းတခုဖြစ်တဲ့ SKC Smart Kids College တို့ ပူးပေါင်းကာ ဒီကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ဘဝဖြစ်တည်မှုကို လက်ခံနားလည်ပေးနိုင်ဖို့ ကလေးစိတ်ပညာ ဟောပြောပွဲကို ဇူလိုင် ၂၈ ရက်နေ့က ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013