DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး နေ့ရောညပါ စစ်ဆေးမည်
DVB
·
December 5, 2012
Donate to DVB

တရုတ်-မြန်မာနယ်စပ် မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ တရားမ၀င် ကုန်သွယ်မှုတွေကို လိုက်လံစစ်ဆေးနေတဲ့ Mobile Team အဖွဲ့တွေဟာ ဒီဇင်ဘာ ၆ ရက်ကစပြီး နေ့ရာညပါ စစ်ဆေးဆောင်ရွက်တော့မယ်လို့ အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

နိုဝင်ဘာလဆန်းကစပြီး စစ်ဆေးဆောင်ရွက်နေတဲ့ Mobile Team ရဲ့ လုပ်ငန်းတွေကို လုံခြုံရေး အခြေအနေအရ နေ့ဘက်မှာသာ စစ်ဆေးဆောင်ရွက်ခဲ့ရပြီး ညဘက်မှာ တရားမ၀င် ကုန်သွယ်နေသူတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့တာကြောင့် အခုအခါ ညဘက်မှာပါ စစ်ဆေးဆောင်ရွက်ဖို့ စီစဉ်တာလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“မူဆယ်နားမှာ ကျနော်တို့ လုံခြုံရေးက ညဘက်မလှုပ်ရှားနိုင်ဘူးလေ။ အဲတော့ ကွင်းထဲတွေကနေ ဆိုင်ကယ်နဲ့ ထော်လာဂျီနဲ့ ကဲ့သယ်တယ်။ ပြီးရင် လမ်းက ရွာတွေမှာ စုပြီး အဲကနေ ကားနဲ့တဆင့် ပြန်တင်တယ်၊ ဒါမျိုးတွေပေါ့။ အခု နေ့ရော ညရောလုပ်ဖို့။ လားရှိုးနဲ့နောင်ချို ကြားဆိုရင်တော့ လုံခြုံရေးက အပေါ်မှာထက် အောက်က အများကြီးသာပါတယ်။ ဒါဆိုရင်တော့ နေ့၊ ည ထွက် တားဆီးလို့ရပါပြီ။ ဒါဆိုရင်တော့ နေ့ရော ညရော သူတို့ထွက်လာတာတွေကို ရာနှုန်းပြည့်နီးပါး တားနိုင်မယ် ထင်ပါတယ်။”

Mobile Team အဖွဲ့ဟာ နောင်ချိုနဲ့ လားရှိုး လမ်းပိုင်းအကြားမှာ နေ့ရာညပါ စစ်ဆေး လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အဖွဲ့ကို စီးပွားကူးသန်းဌာနအပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဌာနတွေနဲ့ ပူးပေါင်းဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မူဆယ်နယ်စပ်မှာ တပိုင်တနိုင်ကုန်သွယ်ရောင်းဝယ်နေတဲ့ သူတွေအတွက် တပိုင်တနိုင် ကုန်သွယ်ခွင့်ကတ်တွေ ထုတ်ပေးပြီး ကုန်သွယ်နိုင်ဖို့ ဆောင်ရွက်ပေးထားကြောင်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

“တပိုင်တနိုင်လုပ်တဲ့ ကုန်သည်လေးတွေ အလွယ်တကူ တနေရာတည်းမှာ အခွန်အခဆောင်ပြီး သယ်ယူသွားလို့ရတဲ့ စနစ်ပေါ့။ စနေပါပြီ။ သယ်တာပြုတာတော့ မစသေးဘူး။ ဒါပေမယ့် လုပ်ငန်းစဉ်အတိုင်း သတင်းပို့တယ်၊ ကုန်သည်ကြီးများ အသင်းဝင်တာ၊ ကတ်လုပ်တာတို့ စနေပါပြီ။”

ကတ်သက်တမ်းက ၁ နှစ်ဖြစ်ပြီး ကျပ်သိန်း ၅၀ ဖိုး လိုင်စင်တစောင်လျှောက်ရင် ကျပ် ၅ သောင်း လိုင်စင်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Mobile Team အဖွဲ့တွေ ဖွဲ့ပြီးစစ်ဆေးခဲ့တဲ့နောက် တပိုင်တနိုင်သမားတွေ လုပ်ငန်း ရပ်နားထားကြရတာ ဖြစ်ပါတယ်။

မန္တလေး-မူဆယ် လမ်းကြောင်းမှာ အခုလို Mobile Team အဖွဲ့တွေက စစ်ဆေးဆောင်ရွက်လိုက်တဲ့အတွက် တရားမ၀င်ကုန်သွယ်နေသူတွေ တရားဝင်လုပ်ဆောင်လာကြပြီး မဆောင်ရွက်ခင် အောက်တိုဘာနဲ့ ဆောင်ရွက်ခဲ့တဲ့ နိုဝင်ဘာ တလအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် တိုးတက်ခဲ့တယ်လို့ စီးပွားကူးသန်းသတင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013