DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ် ကောင်တာများ ဖွင့်ရန် ဗဟိုဘဏ် ဖိတ်ခေါ်
DVB
·
December 5, 2012
နိုင်ငံတ၀န်း နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ် ကောင်တာများ ဖွင့်ရန် ဗဟိုဘဏ် ဖိတ်ခေါ်
Donate to DVB

နိုင်ငံတ၀န်း နိုင်ငံခြားငွေ ၀ယ်ယူရောင်းချ လဲလှယ်နိုင်မယ့် ကောင်တာ ဖွင့်လှစ်လုပ်ဆောင်လိုတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ဗဟိုဘဏ်က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံတ၀န်းလုံးမှာ နိုင်ငံခြားငွေ ၀ယ်ယူရောင်းချလဲလှယ်နိုင်မယ့် ကောင်တာတွေ တိုးချဲ့ဖွင့်လှစ်မှာ ဖြစ်လို့ အခုလို ခေါ်ယူလိုက်တာဖြစ်ပြီး လုပ်ဆောင်လိုတဲ့ အဖွဲ့အစည်းဟာ ငွေလဲကောင်တာလုပ်ငန်းတခုအတွက်  ကနဦး မတည်ရင်းနှီးငွေ ကျပ်သန်း ၃၀ ထည့်ဝင်လုပ် ကိုင်ရမယ်လို့ ဗဟိုဘဏ်ဝက်ဘ်ဆိုဒ် မှာ ဖော်ပြထားပါတယ်။

ငွေလဲကောင်တာလုပ်ငန်း တခုထက်မက ဆောင်ရွက်လိုရင် ကောင်တာတခုစီအတွက် ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင်ရမှာ ဖြစ်ပါတယ်။

အခုလို ငွေလဲကောင်တာတွေ တိုးချဲ့ဖွင့်လှစ်ဖို့ လုပ်ဆောင်ရတာဟာ နိုင်ငံခြားငွေ တရားမ၀င်ရောင်းဝယ်နေတာတွေ ပပျောက်သွားဖို့ ရည်ရွယ်တာ တခုအပါအ၀င်ဖြစ်တယ်လို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဒုညွှန်ချုပ် ဒေါ်နော်အယ်လ်ဖောက ပြောပါတယ်။

“အပြင်မှာလည်း ဒီလို ရောင်းဝယ်နေတာတွေ ရှိတယ်။ အဲလို ရောင်းဝယ်နေတာတွေသည် အန်တီတို့နဲ့ တပေါင်းတစည်းတည်းလာပြီး လုပ်နိုင်ကိုင်နိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ခွင့်ပေးတာ။”

နိုင်ငံခြားငွေလဲလှယ်ကောင်တာ လုပ်ငန်းလုပ်ကိုင်လိုတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှာ လုပ်ငန်းလိုင်စင် စတင်လျှောက်ထားနိုင်ကြပြီဖြစ်ပြီး၊ အခုလ ၂၁ ရက် ကစလို့ ခွင့်ပြုချက် ချပေးသွားမှာလို့ ဒေါ်နော်အယ်လ်ဖောက ပြောပါတယ်။

“အခု ကြေညာလိုက်တယ်။ နောက် ၀က်ဘ်ဆိုဒ်မှာလည်း တင်ထားပေးတယ်။ လျှောက်လွှာတင်တဲ့အခါ ဘယ်အချက်တွေ ပါရမယ်ပေါ့။ အချက်အလက်တွေ လိုအပ်တဲ့ အထောက်အထားတွေကို စိစစ်မယ်။ စိစစ်ပြီး ဗဟိုဘဏ်နည်းဥပဒေမှာပါတဲ့ ပုံစံနဲ့ သူတို့ကို လျှောက်စေမယ်။ ပြီးရင် ကောင်တာဖွင့်မယ့်နေရာသည် သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ ညီသလား။ လိုအပ်ချက်တွေနဲ့ ညီသလားဆိုတာကို သွားကြည့်မယ်။ ပြီးရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု အဖွဲ့ ရှိတယ်၊ အဖွဲ့က အစည်းအဝေးရှိတယ်. အဲမှာတင်ပြမယ်။ အစည်းအဝေးပြီးရင်တော့ ခွင့်ပြု မပြုကို အစည်းအဝေးက ဆုံးဖြတ်မယ်။ လိုင်စင်ပေးဖို့ ရက်ကတော့ အစောဆုံး ၂၁ ရက်နေ့ သတ်မှတ်ထားတယ်။ ခုနက ပြောတဲ့ အချက်အလက်တွေ ပြည့်စုံရင် ဖွင့်လို့ရပြီ။”

ဂျာနယ်တွေမှာ စီးပွားရေးဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ အောင်ချိန်ဘွားကတော့ အခုလို နိုင်ငံတ၀န်းလုံး ငွေလဲကောင်တာတွေ ဖွင့်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်လာတာကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံတကာ ငွေလဲကောင်တာတွေလိုမျိုး ဖြစ်အောင်လုပ်ဖို့ လိုမယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

“နိုင်ငံခြားသုံးငွေ အသစ်ကျပ်ချွတ်မှဆိုတာ လုပ်နေဦးမယ်ဆိုရင် မှောင်ခိုက ရှိနေဦးမှာပဲ။ မှောင်ခိုဖြစ်လာရခြင်းအကြောင်းက အသစ်မှဆိုတာတွေ ဒီမှာရောင်းမရလို့ အပြင်မှာ သွားရောင်းဝယ်ကြရတာ။ ဒီမှာမရတော့ ဟိုမှာရေင်းလို့ရ ၀ယ်လို့ရတော့ သွားရောင်းဝယ်ကြတယ်။ ဒီပြဿနာကြောင့် မှောင်ခိုကဖြစ်တာ။ အဲတော့ ငွေလဲကောင်တာတွေ အများကြီးဖွင့်တာ ကြိုဆိုပါတယ်။ အဲဒီငွေလဲကောင်တာတွေဟာ နိုင်ငံတကာလို သိပ်ပြီးဟောင်းနွမ်းတဲ့ ဘဏ်ဥပဒေအရ သုံးမရဘူးဆိုတဲ့ ငွေကလွဲရင် လက်ခံပြီး ရောင်းဝယ်နိုင်ရပါမယ်။”

ငွေလဲကောင်တာတွေမှာ အကန့်အသတ်နဲ့ လဲလှယ်ရောင်းဝယ်နေတာမျိုးတွေလည်း မရှိဖို့ လိုမယ်လို့ ပြောပါတယ်။

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်နော်အယ်လ်ဖောက  “အန်တီတို့က လက်မခံလို့ အပြင်ရောက်သွားတယ်ဆိုတာသည် အန်တီတဦးတည်း အမြင်အရတော့ လက်မခံဘူး။ ဒါသည် သူတို့ရဲ့ အကြောင်းပြချက်ပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ အန်တီတို့ ခွင့်ပြုထားတဲ့ ငွေလဲကောင်တာတွေက တော်တော်ကို ဟောင်းဟောင်းနွမ်းနွမ်းအထိ လက်ခံပြီး လုပ်ပေးပါတယ်။ လက်မခံဘူးဆိုတာ ဒီလိုရှိတယ်။ တချို့က အပြင်ဈေးနဲ့ အန်တီတို့ ဒီဘက်ကြားမှာ ကူးချည်သန်းချည်လေ အဲလို ရောင်းဝယ်တာတွေရှိတယ်။ ဒီလိုလူဆိုရင် ကောင်တာကလူက သိတာပေါ့။ အဲလိုလူဆိုရင် လိုသလောက် မရောင်းပေးဘူး၊ မ၀ယ်ပေးဘူး။ သူတို့ကို လိုင်စင်ပေးထားတယ်။ အဲဒီ ငွေလဲကောင်တာပိုင်ရှင်ဘဏ်သည် သူ့မှာ လုပ်ပိုင်ခွင့်ရှိတာပေါ့။ သူလိုသလောက် သူဝယ်မှာပေါ့၊ သူလိုသလောက် ရောင်းမှာပေါ့။ ပြောချင်တာက ကျပ်ဖော်ချင်ရင် သူရောင်းမှာပေါ့။ နိုင်ငံခြားငွေ လိုနေရင် ၀ယ်မှာပေါ့။ ဗဟိုဘဏ်က မကန့်သတ်ဘူး။”

နိုင်ငံခြားငွေ ၀ယ်ယူရောင်းချ လဲလှယ်တဲ့လုပ်ငန်းကို အခုလောလောဆယ် ပုဂ္ဂလိက ဘဏ် ၁၈ ခုကို ဆောင်ရွက်ခွင့်ပြုထားပြီး အခုထပ်ဖွင့်ခွင့်ပြုမယ့်ထဲတော့ ဘဏ်တွေကို ဖိတ်ခေါ်ထားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013