DVB Logo
Home
မြန်မာသတင်း
ပုလဲထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် ရှင်းလင်းတင်ပြ
DVB
·
July 28, 2019
ပုလဲထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် ရှင်းလင်းတင်ပြ
1 / 4
Donate to DVB

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းမှာ ပုလဲထုတ်လုပ်ရေးလုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီက ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်နေ့က မြိတ်မြို့ တဖက်ကမ်းမှာရှိတဲ့ ပထက်ကျွန်းပေါ်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဆိုပါ မုတ်ကောင်မွေးမြူခြင်းနဲ့ ပုလဲဖော်ယူခြင်းလုပ်ငန်းကို ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ၁၅ နှစ်သက်တမ်းနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တည်းက စတင် စမ်းသပ်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အခုချိန်ခါမှာ စမ်းသပ်ကာလ ပြီးဆုံးပြီဖြစ်တဲ့အတွက် လုပ်ငန်းစတင် အကောင်ထည်ဖော် တော့မှာ ဖြစ်တာကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာကိစ္စရပ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်းတင်ပြကာ သဘောထားရယူတာလို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီက တာဝန်ရှိသူကပြောပါတယ်။

ပုလဲထုတ်လုပ်ခြင်းအတွက် ပြင်စဘုကျွန်း အနီးပတ်ဝန်းကျင် မြေပြင် ရေပြင် ဧက ၈၆၄၀ ကျော်ကို လုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ သိန်း ၂ သောင်းရှိတယ်လို့ဆိုပါတယ်။ စမ်းသပ်ကာလ ၂ နှစ်အတွင်း ပုလဲအလုံးရေ ၁၃၆၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး အလေးချိန် မိုမီ ၆၀၀ ကျော်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းက ကျွန်းတွေပေါ်မှာ ပုလဲမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၁၁ ခုရှိပြီး လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကျွန်းအနီးဧရိယာပတ်ဝန်းကျင်ကို ဖြတ်သန်းသွားလာခွင့် မပြုတာကြောင့် ကျွန်းတွေပေါ်မှာ ရေချိုလာခပ်တဲ့ ငါးဖမ်းသင်္ဘောတွေ၊ ဒေသခံတွေနဲ့ မကြာခဏ ဆိုသလို ပဋိပက္ခဖြစ်ပွားနေတာလည်းရှိပါတယ်။ 

အခုလို ပုလဲမွေးမြူရေးလုပ်ငန်းတွေကို ပင်လယ်ပြင်ထဲက ကျွန်းတွေပေါ်မှာ လုပ်ကိုင် လာတာကြောင့် ကျွန်းတွေပေါ်မှာနေထိုင်နေတဲ့ ဆလုံတိုင်းရင်းသားတွေအနေနဲ့ အခက်ခဲတွေ ဖြစ်ပေါ်နေရတယ်လို့လည်း ဆလုံအရေးလှုပ်ရှားနေသူကပြောပါတယ်။

အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013