DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင် မြို့မသုသာန်တွင် စည်ပင်အမှိုက်စွန့်ပစ်မှု ဒေသခံများ ကန့်ကွက်စာတင်
DVB
·
July 28, 2019
ညောင်လေးပင် မြို့မသုသာန်တွင် စည်ပင်အမှိုက်စွန့်ပစ်မှု ဒေသခံများ ကန့်ကွက်စာတင်
1 / 5
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် စည်ပင်သာယာက မြို့မသုသာန်မှာ အမှိုက်တွေ လာရောက်စွန့်ပစ်နေတာကြောင့် အသုဘချရာမှာ အခက်အခဲဖြစ်နေရပြီး ကန့်ကွက်စာတင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်က မြို့နယ်စည်ပင်သာယာက ညောင်လေးပင်မြို့ သုသာန်အတွင်းမှာ အမှိုက်တွေ စွန့်ပစ်ခဲ့လို့ အသုဘချရာမှာ အခက်အခဲဖြစ်ခဲ့ရတာကြောင့် မြို့ခံပြည်သူတွေရဲ့ စုပေါင်းအလှူငွေ သိန်း ၁၂၀ အကုန်ကျခံကာ အမှိုက်တွေကို  ဖယ်ရှားရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။

ခုချိန်မှာ မြို့နယ်စည်ပင်သာယာက ပြွန်တန်ဆာမြို့က စွန့်ပစ်အမှိုက်တွေကို ညောင်လေးပင် မြို့မသုသာန်မှာ လာရောက်စွန့်ပစ်နေတာကြောင့် အသုဘချရာမှာ အခက်အခဲဖြစ်နေတာပါ။

 ပြွန်တန်ဆာမြို့က အမှိုက်တွေကို ၁၀ မိုင်လောက်ဝေးတဲ့ ညောင်လေးပင်မြို့က သုသာန်မှာ လာရောက် စွန့်ပစ်နေတာဟာ သဘာဝမကျဘူးသလို မကျေနပ်ဘူးလို့ စေတနာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသန်းအေးက ပြောပါတယ်။

 "မကျေနပ်ဘူးဆိုတာက ကျနော်တယောက်ထဲ မဟုတ်ဘူး တမြို့လုံးက မကျေနပ်တာပါ။ လွန်ခဲ့တဲ့ ၁၂ နှစ်က ကျနော်တို့ ပိုက်ဆံတွေ အကုန်ကျခံပြီး သုသာန်ထဲကအမှိုက်တွေကို ရှင်းလင်းပြီးပြီ။ မီးသင်္ဂြိုဟ်စက်နဲ့ ကားလမ်းတွေကို သိန်း ထောင်ချီအကုန်ကျခံကာ စောက်လုပ်ထားပြီးပြီ။ ခုအမှိုက်တွေ လာထပ်ပုံနေကြပြန်တယ်။ လာပုံတာဆို ၁၅ ရက်ပဲ ရှိသေးတယ်။ သုသာန်က ဇရပ်မှာ ဘုန်းကြီးတရားနာလို့ မရတော့ဘူး။ အနံ့ဆိုးတွေ မခံနိုင်ကြလို့။ သူတို့မြို့က သုသာန်မှာ သန့်ရှင်းစေဖို့ ညောင်လေးပင်မြို့သုသာန်မှာ ဘာဖြစ်ဖြစ်ဆိုပြီး အမှိုက်တွေ လာစွန့်ပစ်တာကတော့ ကျနော်တို့ လုံးဝမကျေနပ်နိုင်ဘူး"လို့ ဆိုပါတယ်။

ညောင်လေးပင်-ရွှေကျင်ကားလမ်းမဘေး မုက္ခမူကျေးရွာနဲ့ မြို့မ ၂ ရက်ကွက်ကြားမှာရှိတဲ့ အမှိုက်ပုံရဲ့ စွန့်ပစ်အနံ့ဆိုးတွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေရသလို လမ်းမပေါ်အထိ ရောက်နေတဲ့အမှိုက်တွေကြောင့် ယာဉ်တိုက်မှုတွေဖြစ်ပေါ်နေရပြီ ဒီအမှိုက်ပုံကို နေရာပြောင်းလဲစွန့်ပစ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေချိန်မှာ ပြွန်တန်ဆာကအမှိုက်ပုံကို ဒီကိုလာရောက်စွန့်ပစ်တာဟာ မလုပ်သင့်ဘူးလို့ ဒေသ ဦးမောင်ငွေက ပြောပါတယ်။

“ကိုယ့်မြို့မှာရှိတဲ့ အမှိုက်ပုံကို ဖယ်ရှားပေးဖို့ ပြည်သူတွေတောင်းဆိုနေတာကို မပြောင်းရွှေ့ပေးတဲ့အပြင် ဘေးမြို့ကအမှိုက်ကိုပါ ဒီမှာလာပုံတယ်ဆိုတော့ အခုဒေသခံတွေက မခံမရပ်နိုင်အောင်ဖြစ်နေကြရတယ်။"

ညောင်လေးပင်မြို့ နဲ့ ပြွန်တန်ဆာ မြို့နှစ်မြို့ ပေါင်းရဲ့ အမှိုက်ဟာ တနေ့ကို အမှိုက်တန်ချိန် ၁၀ တန်လောက် နေ့စဉ်စွန့်ပစ်နေရပြီး နေရာပြောင်းလဲ စွန့်ပစ်ပေးဖို့ လိုလားနေကြတာပါ။

မိုးတွင်းကာလဖြစ်နေပြီး မြေနေရာအခက်အခဲရှိနေတာကြောင့် တခြားနေရာမှာ ပြောင်းလဲ စွန့်ပစ်သွားဖို့ရာ မဖြစ်နိုင်ဘဲ ညောင်လေးပင်သုသာန်အတွင်းမှာ စွန့်ပစ်နေရတာလို့ ဦးထင်အောင်ဦး ( မြို့နယ်စည်ပင်-အမှုဆောင်အရာရှိ ) က ဒီဗွီဘီကိုပြောပါတယ်။

"ညောင်ဘေးပင် အမှိုက်ကန်ရဲ့ တမိုင်ခွဲအကွာမှာ မြေနေရာတောင်းထားတာလည်း ရှိတယ်။ ပြွန်တန်ဆာနဲ့ ညောင်လေးပင်ကြားက နေရာမှာလည်း ကြည့်ထားတယ်။ အရင်က အမှိုက်ကန်ဟောင်းမှာ တခြားနည်းလမ်း ရှိမလားဆိုပြီး ကြည့်တော့လည်း မိုးတွင်းကာလဆိုတော့ အဆင်ကမပြေဘူး။ စည်ပင်သာယာအနေနဲ့ကလည်း မြေလွတ်တွေကိုပြောပြလို့ပဲ ရတယ်။ ဒီမြေလွတ်တယ်ဆိုပြီး တန်းပြီး အမှိုက်ချလို့မရပြန်ဘူး။ အဆင့်ဆင့်က လုပ်ထုံးလုပ်နည်းနဲ့ပေးမှ ဆောင်ရွက်လို့ရတာ။ ဒါကို ကြိုတင်မစီမံတာလည်း မဟုတ်ဘူး။ စီမံတာလည်း နှစ်နှစ်သုံးနှစ်လောက်ရှိနေပြီ” လို့ ဆိုပါတယ်။

အမှိုက်လာရောက်စွန့်ပစ်နေတာနဲ့ပတ်သက်ပြီး မြို့ခံပြည်သူတွေရဲ့လက်မှတ် ၄၀၀ ကျော်နဲ့ သက်ဆိုင်ရာဌာနတွေကို ကန့်ကွက်စာတင်ထားပြီ ထက်မံပြီးအမှိုက်တွေကို တခြားမြို့ကနေ လာရောက်စွန့်ပစ်ပါက ပြည်သူတွေစုပေါင်းကာ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013