DVB Logo
Home
မြန်မာသတင်း
မိုးညိုတွင် ရေကြီးရေလျှံဖြစ်နေ၊ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ
DVB
·
July 27, 2019
မိုးညိုတွင် ရေကြီးရေလျှံဖြစ်နေ၊ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကျေးရွာ ၈၀ လောက် ရေတွေ ၀င်ရောက်နေပြီး အစိုးရစာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

အင်းတော်တစ်လုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြင့်က “မနေ့ကအထိ ကျေးရွာ ၄၀ ကျော်ရေဝင်တယ်။ ဒီနေ့ရေက ၂ လက်မလောက်ထပ်တက်ပြီးကျေးရွာ ၈၀ လောက် ရေဝင်နေပြီ။ စိုးရိမ်ရေအမှတ်က ၅၄ ပေရှိတယ်။ အခုက ၅၅ ဒသမ ၇၀ အထိရောက်နေပြီ။ နှစ်စဉ်ရေက ဝင်နေကျဖြစ်လို့ သိပ်တော့မစိုးရိမ်ရသေးဘူး။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရေးပေါ်လိုအပ်လာရင် ပြောင်းရွှေ့ရမယ်ဆို အဆင်သင့်ဖြစ်အောင် ဘုန်းကြီးကျောင်းတွေမှာ ပြင်ဆင်ထားတယ်။ ပြည်သူတွေကိုလည်း နှိုးဆော်ထားပါတယ်။ ၂၀၁၅/၂၀၁၆ ခုနှစ်တုန်းကတော့ ၅၉ ပေကျော်အထိ ရေတက်လို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ခဲ့ရတယ်။ ဒီဘက်က စပါးစိုက်တာနည်းတယ်။ နှမ်းစိုက်တောင်သူများတော့ အခုလိုရေဝင်ရင် နှမ်းတွေကတော့ ပျက်စီးမှာပါ” လို့ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေကစတင်ပြီး ကျေးရွာတွေ ရေဝင်ရောက်တာကြောင့် အစိုးရစာသင်ကျောင်း ၁၅ ကျောင်းအထိ ပိတ်ထားခဲ့ရတယ်လို့ မိုးညိုမြို့နယ်ပညာရေးမှူး ဦးသန်းအောင်ကပြောပါတယ်။

“၂၅ ရက်နေ့စပြီး ဒီနေ့အထိ စာသင်ကျောင်း ၁၅ ကျောင်း ယာယီပိတ်ထားရတယ်။ ရေဆက်တက်ရင်တော့ နောက်ထပ်ကျောင်းတွေလည်း ထပ်ပိတ်ဖို့ရှိပါတယ်။ ရေတွေဝင်တော့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ သွားလာရေးခက်ခဲတာကြောင့်ပါ" လို့ ပြောပါတယ်။

မိုးညိုမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းကို အခြေပြုတည်ဆောက်ထားရာ ရေကာတာပေါင်း ၆ ခုရှိပြီး ရေကင်းအဖွဲ့ ၁၀ ဖွဲ့နဲ့အတူ ကြီးကြပ်ဆောင်ရွက်နေကြောင်း၊ ရေအမှတ်မှာ ဇူလိုင်လ ၂၇ ရက်တိုင်းတာချက်အရ ၅၅ ဒသမ ၇၀ ပေရှိရာ ၅၈ ပေရောက်ပါက တာပေါ်ကို ရေရောက်ပြီး စိုးရိမ်ရေအမှတ် ရောက်ပြီဖြစ်ကြောင်းနဲ့ သီးနှံစိုက်ဧက ၅၀၀ ကျော် ရေဝင်ရောက်နေတယ်လို့ မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013