DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများပြော
DVB
·
July 27, 2019
နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများပြော
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မဖြစ်နိုင်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားဟာ မရှိသင့်တော့ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ပြောပါတယ်။

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီဝင်တွေ၊ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်း သူငယ်ချင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မျိုးဆက်သစ်အင်အားစုအဖွဲ့ (မုံရွာ) တို့ စုပေါင်းကာ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ပထမဆုံးအကြိမ်အဖြစ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို မုံရွာမြို့ အုတ်ကန်တောရစာသင်တိုက်မှာ ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံအတွက် နိုင်ငံရေးအကျဉ်းသား မရှိသင့်တော့တဲ့ အကြောင်းကို 5J Club အဖွဲ့ဝင်တဦးက ပြောဆိုခဲ့တာပါ။

လက်ရှိအစိုးရလက်ထက်မှာ အစိုးရရဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍ၊ ဥပဒေပြုရေး စသဖြင့် စည်းလုံးမှုမရှိဘဲ ကွဲနေတာကြောင့် ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအပေါ် အခြေခံပြီး စိုးရိမ်မှုရှိတယ်လို့လည်း 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်က ပေါ်လာမှာ မဟုတ်ပါဘူး။ နောက် ဒီအစိုးရရဲ့ တကယ်သွားနေတဲ့ လမ်းကြောင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို အခြေခံပြီးသွားနေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တကယ့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးပြည့်ဝတဲ့ နိုင်ငံတည်ဆောက်နိုင်ရေးမှာ နိုင်ငံရေးအကျဉ်းသားဆိုတာက တကယ်ကို မရှိသင့်တော့တဲ့ ကိစ္စဖြစ်ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍတွေမှာ ကွဲနေတဲ့ ပြည်သူ့လွှတ်တော်ပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်းဆိုတဲ့ အပိုင်းတွေမှာ စည်းစည်းလုံးလုံးမရှိဖြစ်နေတဲ့အပေါ်မှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ စိုးရိမ်ပါတယ်" လို့ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဝင် ကိုသားကြီးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် အစိုးရကနေ ကူညီဖို့ လိုအပ်နေတယ်လို့လည်း မုံရွာမြို့ခံ နိုင်ငံရေးအကျဉ်းသူတဦးက ပြောပါတယ်။

"လူသားတွေအတူတူမှာ နိုင်ငံရေးအကျဉ်းသားတွေက အခွင့်ထူးခံလားဆိုတဲ့ စကားတွေလည်း ရှိပါသေးတယ်။ အဲလိုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပညာရေး စီးပွားရေး အကုန်လုံး နစ်နာခဲ့တဲ့ လူတွေရဲ့ ချို့ယွင်းချက် အားနည်းချက်လေးတွေကို ဆေးရုံကြီးမှာ အခမဲ့ ကုသခွင့်လေးသော်လည်းကောင်း ဒါမှမဟုတ် အနည်းငယ်သော ကုသခွင့်လေးကိုသော်လည်းကောင်း အစိုးရပိုင်းက မေတ္တာပိုင်းလေးနဲ့ ကူညီဖြည့်ဆည်းမယ်ဆိုရင်တော့ ကျမတို့က ကျေးဇူးတင်ပါတယ်” လို့ မုံရွာမြို့ခံ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သီတာဝင်းက ပြောပါတယ်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ နိုင်ငံရေးခံယူချက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အချုပ်ကျနေသူ၊ တရားရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိနေတယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013