DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်းနေမျိုးဇင် လုံခြုံရေးအရ ရုံးပြောင်းလျှောက်ထားမှု ခရိုင်တရားရုံး ပယ်ချ
DVB
·
July 26, 2019
ဗိုလ်ကြီးဟောင်းနေမျိုးဇင် လုံခြုံရေးအရ ရုံးပြောင်းလျှောက်ထားမှု ခရိုင်တရားရုံး ပယ်ချ
Donate to DVB

တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)/(ခ)နဲ့ တရားဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီနေ့ရုံးထုတ်ခဲ့ပြီး ခြိမ်းခြောက်ခံရမှုရှိနေတဲ့အတွက် လုံခြုံရေးအရ ရုံးပြောင်းလျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“မေ ၂၄ ရက်နေ့ ရုံးထုတ်မှာ တရားခွင်ထဲ ခေတ်သစ်စွမ်းအားရှင်လို့ ယူဆရတဲ့သူတွေက ကျနော့်ကိုပါ ခြိမ်းခြောက်တာတွေရှိတဲ့အတွက် အမှုမစစ်ဘဲ တရားရုံးကိုတောင်ပန်ပြီး ရုံးပြောင်း လျှောက်ထားခဲ့တာကို မြောက်ပိုင်းခရိုင်တရားရုံးက လက်မခံဘူး။ အမှန်ဆိုပေးသင့်ပါတယ်။ အမှုတခုမှာ လုံခြုံရေးက အရေးကြီးပါတယ်။ ကျနော်တို့က သေမှာကြောက်လို့ မဟုတ်ဘူး၊ အမှန်တရားပျောက်မှာစိုးလို့ ရုံးပြောင်းလျှေက်တာပါ။ ဒါပေမယ့် ဆင်ခြင်တုံတရားခြင်း မတူညီတဲ့အတွက် ပယ်ချခဲ့တယ်။ အမှုတွဲက လကုန်လောက်မှ ရောက်မှာဖြစ်တဲ့အတွက် သြဂုတ် ၂ ရက်နေ့ကို ပြန်ချိန်းဆိုလိုက်တယ်။ အဲနေ့မှအမှုကို ဆက်စစ်သွားပါမယ်။ တိုင်းပြောင်း လျှောက်ထားဖို့အတွက် ကိုနေမျိုးဇင်နဲ့တိုင်ပင်ပြီး ဆက်လုပ်သွားပါမယ်” လို့ ပြောပါတယ်။

တရားစီရင်ရေးအဖွဲ့တွေအနေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ သူတွေဘက်ကို လုံးဝလှည့်မကြည့်ဘူးလို့ ဦးနေမျိုးဇင်က တရားရုံးပြန်အထွက် ပြောပါတယ်။

“တရားရေးမဏ္ဏိုင် တရားစီရင်ရေးအဖွဲ့တွေက ရုံးပြောင်းလျှောက်ထားမှုကို နှစ်လကြာတယ်။ ဒါကို ခွင့်မပြုဘူး။ အမှုတွဲဖိုင်ကိုလည်း အမှုတွဲပို့တဲ့နေရာမှာလည်း နှစ်ပတ်ကြာတယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေအရေးကို လုံးဝလှည့်မကြည့်တဲ့ တရားရေးမဏ္ဏိုင် ဖြစ်နေပါတယ်။ နိုင်ငံသားတွေအနေနဲ့ လွပ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ဖို့၊ အမှန်တရားပြောဆိုသူတွေကို အမှားတရားတွေရဲ့ ဖိနှိပ်ချုပ်ချယ်ခံရမှုတွေက ကာကွယ်နိုင်ဖို့ တရားဥပဒေကို တက်နိုင်သမျှ ပြင်နိုင်ဖို့လိုပါတယ်။"

ရုံးပြောင်းလျှောက်ထားမှုကြောင့် အမှုကို မစစ်ဆေးဖြစ်သေးဘဲ ၈ ကြိမ်မြောက်ရုံးထုတ်မှာ ခရိုင်တရားရုံးက လက်မခံခဲ့တဲ့အတွက် သြဂုတ် ၂ ရက်နေ့ တိုက်ကြီးမြို့နယ်တရားရုံးမှာ အမှုကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦး၊ ကိုနေမျိုးဇင်နဲ့ ကိုနန္ဒအောင်(ခ) ကိုနေရဲတို့က ဟောပြောခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့် လေ့ကျင်းရေးတပ်က ဒုဗိုလ်မှူးကြီးတိုးလင်းက တပ်မတော် အကြည်ညိုပျက်စေမှုနဲ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013