DVB Logo
Home
မြန်မာသတင်း
အစိုးရငြိမ်းချမ်းရေးအဖွဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့နှင့် တွေ့ဆုံ
DVB
·
December 4, 2012
Donate to DVB

နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်တွေဟာ ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ၀နဲ့ မိုင်းလား အထူးဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့နဲ့ သွားရောက် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ပါတယ်။

ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဌာနချုပ် ပန်ဆန်းမြို့ကို ရောက်ရှိလာပြီး  ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့တယ်လို့ ၀တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

“ဖွံ့ဖြိုးရေးအတွက်က နယ်စပ်ဝန်ကြီးက လစဉ်ထောက်ပံ့ခဲ့တဲ့ ရိက္ခာ၊ ပြီးခဲ့တဲ့ ၃ လအတွက်ပါ။ နောက်တခုက လမ်းပန်းဆက်သွယ်ရေး လမ်း ၃ လမ်း ကျောက်ခင်းသဲ ဖို့မယ့်ကိစ္စအတွက် ငွေထောက်ပံ့ပေးမှာပါ။ ခွင့်ပြုမိန့်ပေးတဲ့ စာပေးလိုက်တယ်။ ငွေသားက လားရှိုးမှာ သွားထုတ်ရမယ်။”

ယူဒဗလျူအက်စ်အေအနေနဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လာရောက်လေ့လာဖို့ ၀န်ကြီး ဦးအောင်မင်းက ဖိတ်ကြားသွားပြီး ဖိတ်ကြားမှုကိုလက်ခံဖို့ မခံဖို့ကတော့ ၀ အဖွဲ့ထဲမှာ ပြန်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် တွေ့ဆုံဆွေးနွေးကြရာမှာ ယူဒဗလျူအက်စ်အေ ဒု-ဥက္ကဋ္ဌ ကျောက်ညီလိုင်းနဲ့ ဗဟိုကော်မတီဝင်တွေ၊ ဌာနကြီးမှူးတွေပါ စုံစုံညီညီ လက်ခံတွေ့ဆုံခဲ့တယ်။

အစိုးရဘက်ကတော့ ဦးအောင်မင်းနဲ့အတူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့  ဦးသိန်းဇော်၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊  ရမခ တိုင်းမှူး၊ ရွှေတြိဂံတိုင်းမှူး စတဲ့  အကြီးအကဲ ၁၈ ဦးတို့ တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီး  ဦးအောင်မင်းဟာ  ၀ ဒေသကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပြီး ညနေပိုင်းမှာ ယူဒဗလျူအက်စ်အေ ထိန်းချုပ်နယ်မြေထဲက မိုင်းမောမြို့ကို သွားရောက်လေ့လာဖို့ အစီအစဉ်ရှိပါတယ်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့ဟာ မနေ့က အထူးဒေသ ၄ မိုင်းလားကို သွားရောက်ခဲ့ပြီး မိုင်းလားတပ်ဖွဲ့ဘက်က  ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု ဥက္ကဋ္ဌ ဦးစိုင်းလင်း အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ   မိုင်းလားတပ်ဖွဲ့တွေဘက်က ဒေသဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေး၊ သစ်ထုတ်လုပ်ရေး၊ သတ္တုတွင်းနဲ့ လျှပ်စစ်မီးထုတ်လုပ်ရေးစီမံကိန်းတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အစိုးရကိုယ်စားလှယ်တွေက ရင်းနှီးမှုတည်ဆောက်ရေး ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ့်အကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013