ရခိုင်လူမှုရေးအသင်းဝင်များကို စွဲချက်မတင်သေးဘဲ ရမန်ထပ်ယူ
အောင်သူ
·
July 26, 2019
ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)အဖွဲ့က ခေါင်းဆောင်တွေအပါအဝင် ၉ ဦးကို ဒီနေ့ မနက်က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ချုပ်ရမန် ထပ် တောင်းခံခဲ့တာကြောင့် တရားရုံးက သြဂုတ် ၉ ရက်အထိ ချုပ်မိန့် ရမန်ပေးလိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနဲ့ ကိုဟိန်းဇော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့နဲ့ ရမန်တောင်းခံခဲ့သလို ကျန် ၆ ယောက်ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ)(ဂ)တို့နဲ့ ရမန်တောင်းခံခဲ့တာလို့ အနောက်ပိုင်းခရိုင် သတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။
ဒီတကြိမ်တောင်းခံတာက ဒုတိယအကြိမ်ဖြစ်ပြီး ပထမတကြိမ်တုန်းက မရမ်းကုန်းမြို့နယ် တရားရုံးမှာ တောင်းခံခဲ့ရာမှာ ဇူလိုင်လ ၂၆ ရက်အထိ ချုပ်မိန့်ရမန် ပေးခဲ့တာပါ။
အခုစွပ်စွဲခံထားရတဲ့သူတွေကို မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ ရဲမှူးတင့်ရွှေက တရားလိုပြု တိုင်တန်းထားတာဖြစ်ပြီး လက်ရှိအချိန်က တရားစွဲတင်တဲ့ အဆင့်မဟုတ်သေးဘဲ အမှုစုံစမ်း စစ်ဆေးနိုင်ဖို့ ချုပ်မိန့်ယမန်တောင်းခံတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ခရိုင် သတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။
စစ်ဆေးခံနေရတဲ့သူတွေနဲ့ သူတို့မိသားစုဝင်တွေ အခုချိန်ထိတွေ့ဆုံခွင့်မရသေးသလို ဘယ်မှာထိန်းသိမ်း ထားတယ်ဆိုတာကို မသိတာကြောင့် စိုးရိမ်ပူပန်မူတွေရှိနေတယ်လို့ မိသားစုတွေရဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက သတင်းထောက်တွေကို ပြောပါတယ်။
မိသားစုဝင်တွေက ဒီနေ့မနက် မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်လို့ ကြားသိတာကြောင့် သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။
ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)အဖွဲ့ခေါင်းဆောင်တွေဟာ အေအေလက်နက်ကိုင် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုပြီး စင်ကာပူပြည်ထဲရေးဌာနက ထုတ်ပြန်လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာစဉ် ဖမ်းဆီး တရားစွဲခံနေရတာ ဖြစ်ပါတယ်။