DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင် ၄ ဦးကို အမှုတခု ထပ်တိုး
DVB
·
December 4, 2012
Donate to DVB

နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေရဲ့ ခေါင်းဆောင် ၄ ဦးကို ရေတာရှည်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ဆေးခဲ့သလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ ထပ်တိုးတရားစွဲဆိုလိုက်ပါတယ်။

ရန်ကုန်ကနေ နေပြည်တော်ထိ ချီတက်ရာမှာ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နဲ့ ကိုစောနောင်တို့ကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပြီး ရေတာရှည်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။

ဒီနေ့ တရားခွင်မှာ ဖမ်းဆီးခံရသူတွေဘက်က အာမခံရဖို့ လျှောက်ကြားရာမှာ အာမခံမရတဲ့အပြင် ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှု နဲ့ ထပ်မံစွဲဆိုခံရတယ်လို့ ကိုရဲရင့်ထွန်းရဲ့ ဇနီး မအိမွန်ကျော်က ပြောပါတယ်။

“ဒီကနေ့ ရုံးထုတ်မှာ အာမခံလျှောက်တယ်။ မရဘူး။ သူတို့ဘက်က ဥပဒေအရာရှိက ပြောတာပေါ့နော်။ ဒီလူ ၄ ယောက်က တနေရာစီကနေ လာတဲ့လူတွေမို့လို့ သူတို့ကို ရုံးချိန်းခေါ်တဲ့အခါကျရင် အချိန်ကြာမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အာမခံမပေးလိုက်ဘူး။ အာမခံမရတဲ့အပြင် နောက်တမှုတောင် တိုးနေတယ်ရှင့်။ စီတန်းလှည့်လည်ခွင့်မရှိဘဲ စီတန်းလှည့်လည်လို့ ပုဒ်မ ၁၈ နဲ့ စွဲတာ” လို့ ပြောပါတယ်။

နှစ်ကြိမ်စစ်ဆေးရာမှာ စွပ်စွဲခံရသူတွေဘက်ကို စစ်မေးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ဒီလ ၆ ရက်နေ့ ရုံးချိန်းမှာ စစ်ဖို့နဲ့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လှည်မှုကို ဒီလ ၇ ရက်နေ့မှာ စစ်ဖို့ ချိန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေဘက်က ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

တရားခွင်ကိုတက်တဲ့ ကိုနေအောင်ထက်ရဲ့ ဖခင် ဦးမြင့်သန်းက ဒီလ ၁ ရက်နေ့ ရုံးချိန်းမှာရော ဒီကနေ့ ရုံးချိန်းမှာရော တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ဆေးချက်တွေအရ နိုင်ငံတော်အကြည်ညိုပျက်စေမှုမြောက်တာ မတွေ့ရှိရတာကြောင့် အာမခံမရတာဟာ ကာယကံရှင်တွေရဲ့ လူ့အခွင့်အရေးနစ်နာတယ်လို့ ပြောပါတယ်။

ဒီကနေ့ စစ်ဆေးချက်မှာ စွပ်စွဲခံရသူတွေဘက်က ရှေ့နေအမျိုးသမီးက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံတင်ပြတဲ့ တရားရေးကဏ္ဍအပေါ် အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးမှုနဲ့ ပတ်သက်လို့ အထောက်အထားနဲ့ တင်ပြတယ်လို့ ဦးမြင့်သန်းက ပြောပါတယ်။

“တရားလိုကို စစ်တဲ့အချိန်မှာရော တရားလိုပြသက်သေကို စစ်တဲ့အချိန်မှာရော မြို့နယ်ရဲမှူးတို့၊ သူတို့ကိုဖမ်းဆီးတဲ့ ရဲအုပ်တို့ကို စစ်တဲ့အခါမှာ အမှုမြောက်အောင်လို့ ဘာတခုမှ မပြောနိုင်ဘဲနဲ့၊ သူတို့က ပုံသေထုတ်ထားသလိုပဲ မေးလိုက်ရင် ဘူးကွယ်ရမယ် ဆိုပြီးတော့ မေးသမျှ မေးခွန်းကို မဟုတ်ပါဘူး။ မဟုတ်ပါဘူးချည်းပဲ ဖြေတယ်” လို့ ဆိုပါတယ်။

ဦးမြင့်သန်းက “သူတို့ ဆွေးနွေးတဲ့အချိန်မှာ ကုမ္ပဏီကို မကျေနပ်ရင် တရားစွဲဖို့ ပြောတယ်။ အဲဒါကို ကိုရဲရင့်ထွန်းက တရားစွဲရင်လည်း ဥပဒေရဲ့အထက်မှာ လူတွေကရှိနေတော့ တရားစွဲနေလည်း အပိုပဲဆိုပြီးတော့မှ ပြောလိုက်တယ်။ အဲလိုပြောတာကို နိုင်ငံတော်ကို အကြည်ညိုပျက်အောင် ပြောတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ပြောတယ်။ အဲလိုပြောတဲ့အခါမှာ ကျနော်တို့ရှေ့နေက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌလုပ်တဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့ကနေ လွှတ်တော်မှာ သူတို့ ကော်မတီရဲ့ တွေ့ရှိချက်တွေကို တရားဝင်တင်ပြတဲ့အခါမှာလည်း ဥပဒေအထက်မှာ အုပ်ချုပ်ရေးပိုင်းတွေကနေပြီးတော့ လွှမ်းမိုးမှုတွေရှိနေတယ် ဆိုတာကို တင်ပြထားတယ် ဆိုတဲ့အကြောင်း စာစောင်တွေ၊ သတင်းစာတွေ အချက်အလက်တွေနဲ့ ရှေ့နေက သက်သေအဖြစ် တင်ပြပြီးတော့မှ အဲဒါတွေတော့ ဒီနေ့ပြလိုက်တယ်ဗျာ” လို့ ပြောပါတယ်။

ဒီဆန္ဒပြခေါင်းဆောင်တွေဟာ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ နစ်နာချက်ကို ရန်ကုန်အခြေပြု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရုံးရှေ့မှာ တောင်းဆိုတာမရလို့ မိုင် ၂၇၀ ကျော်ဝေးတဲ့ နေပြည်တော်ထိ လမ်းလျှောက်ချီတက်ရာမှာ နေပြည်တော်နဲ့ မိုင်၂၀ ခန့်အကွာက ရေတာရှည်မှာ ရဲက ခေါင်းဆောင် ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးပြီး တရားစွဲတာဖြစ်ပါတယ်။

ကျန် ဆန္ဒပြသမား ၇၀ ခန့်ဟာ ရမည်းသင်းမြို့က ဘုန်းကြီးကျောင်းမှာ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ မနေ့က ညှိနှိုင်းရာမှာ ကုမ္ပဏီ ဥက္ကဋ္ဌ မလာရောက်တဲ့အတွက် နောက်တကြိမ် ညှိဖို့ ထပ်မံစောင့်ဆိုင်းနေကြပါတယ်။

လူစုလူဝေးနဲ့ မနေဘဲ ခွဲနေခိုင်းတာကြောင့် ရမည်းသင်းမြို့ပေါ်မှာ ပြန့်ကျဲနေထိုင်နေကြပြီး ရန်ကြီးအောင်ဘုန်းကြီးကျောင်းမှာ ငွေကြေးကျပ်တည်းတဲ့ လူ ၂၀ ခန့်သာ တည်းခိုနေကြောင်း၊ ဒီနေ့ နေ့ခင်းပိုင်း ဆက်သွယ်ချက်အရ ဒီဘုန်းကြီးကျောင်းက လူ ၂၀ ကို တ၀က်စီခွဲဖို့ အုပ်ချုပ်ရေးပိုင်းက ထပ်လာပြောတာကြောင့် ခွဲနေမယ့်လူစာရင်းကို ပို့ပေးလိုက်တယ်လို့ ဆန္ဒပြသမားတွေရဲ့ ခေါင်းဆောင်တဦးက ရှင်းပြပါတယ်။

သူတို့ဟာ အခု ပထမအကြိမ် ညှိနှိုင်းချက်မအောင်မြင်ရင် နေပြည်တော်မှာ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်း ဒုဝန်ကြီး စသူတွေနဲ့ ဆက်လက် ညှိနှိုင်းဖို့လည်း သဘောတူထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013