DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီတင်သွင်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကန့်ကွက်လွှာ ခုံရုံးပယ်ချ  
DVB
·
July 25, 2019
ကြံ့ခိုင်ရေးပါတီတင်သွင်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကန့်ကွက်လွှာ ခုံရုံးပယ်ချ  
Donate to DVB

ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ကန့်ကွက်လွှာ နှစ်ခုကို နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ပလပ်လိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းကို ဥပဒေနဲ့အညီ တင်သွင်းလာရင် ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်ဆိုတဲ့အချက်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးပါ ၂၅ ဦးက ခုံရုံးကိုတင်ပြထားသလို   အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ ၂၅ ဦး ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေတာဟာ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း ရှိ မရှိ ဆုံးဖြတ်ပေးဖို့ ခုံရုံးကို တင်ပြထားတာပါ။ 

ဒီအချက်နှစ်ခုကို ဇူလိုင် ၂၅ ရက်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အပြီးသတ်ကြားနာပြီး အခုလို အမိန့်ချလိုက်တာလို့ အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

"အဓိကအချက်က ပထမတင်သွင်းလွှာအမှတ် (၁) က အဓိပ္ပါယ်ဖွင့်ဆိုခိုင်းတာ။ တင်သွင်းလွှာအမှတ် (၂) ကတော့ ခုံရုံးရဲ့ သဘောထားမှတ်ချက်ကို တောင်းဆိုတာ။ အဲ့ဒီတောင်းဆိုမှု နှစ်ခုစလုံးဟာ တင်ပြချက်အရဆိုရင် ခုံရုံးရဲ့ စီရင်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ မရှိတဲ့ အကြောင်းကြောင့်မလို့ ပလပ်လိုက်တာပါ”

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးရေး အရေးကြီးအဆို အန်အယ်လ်ဒီပါတီက လွှတ်တော်မှာ တင်သွင်းခဲ့ပြီးနောက်  ပါတီအသီးသီးက ကိုယ်စားလှယ် ၄၅ ဦးပါတဲ့ ပူးပေါင်းကော်မတီ တရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေတာပါ။

ကြံ့ခိုင်ရေး ပါတီကလည်း ဖွဲ့စည်းပုံ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ)၊ (ဂ)၊ (ဃ)နဲ့ (င) တို့ ပြင်ဆင်တဲ့ ဖွဲ့စည်းပုံပြင်ရေးဥပဒေကြမ်းတခုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ၂၆၄၊ ၃၂၂ နဲ့ ၄၀၂ တို့ကိုပြင်ဆင်တဲ့ ဥပဒေကြမ်းတခု စုစုပေါင်း နှစ်ခု တင်သွင်းထားပါတယ်။

ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေဟာ ပုဒ်မတခုချင်းစီကို ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် ၄၅ ဦးပါတဲ့ ပူးပေါင်းကော်မတီက တပေါင်းတည်းဆောင်ရွက်သင့်တယ်လို့ အစီရင်ခံစာ တင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013