DVB Logo
Home
မေးမြန်းခန်း
မိုးကြောင့် စပါးရေမြုပ်ပျက်စီးသဖြင့် လယ်သမားများ အကူအညီလိုအပ်
DVB
·
December 4, 2012
မိုးကြောင့် စပါးရေမြုပ်ပျက်စီးသဖြင့် လယ်သမားများ အကူအညီလိုအပ်
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အချိန်အခါ မဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ရိတ်သိမ်းပြီးနဲ့ ရိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ စပါးခင်းတွေ ရေမြုပ်ပျက်စီးကုန်ပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်း နှစ်ခုပေါင်းရင် လယ်မြေဧက ၅ သိန်းနဲ့ ၁ သန်းလောက်အထိ မိုးမိပြီး ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တဲ့အတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက ဒီနေ့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

လယ်ပျက်စီးမှု အခြေအနေတွေကို ကိုယ်တိုင်သွားရောက် ကွင်းဆင်းလေ့လာတဲ့ တောင်သူ လယ်သမားအသင်းက ဒေါက်တာစိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဧရာဝတီတိုင်းဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာသွန်းပြီး လယ်တွေ ဘယ်လောက်အထိ ပျက်စီးမှုရှိပါလဲ။

“ကျနော်က အခု လယ်သမားတွေနဲ့ တွေ့ဖို့ ဒေးဒရဲရောက်နေတယ်။ ဒီမှာတော့ ခေါက်ကြီး စပါး ပေါ်ဆန်းစိုက်တဲ့သူတွေအတွက် ထိခိုက်မှုရှိတယ်၊ သူတို့က ရိတ်တဲ့အချိန်နောက်ကျတာကိုး၊ သက်ကြီးစပါးဖြစ်လို့။ ရိတ်သိမ်းဆဲဖြစ်တော့ ရိတ်သိမ်းပြီး ကောက်လှိုင်းစည်းတွေကို ကန်သင်းပေါ်တင်ထားတာလေ၊ အကြမ်းဖျင်းတော့ ဧက ၁ သိန်းကျောက်လောက် ဒေးဒရဲမှာ ထိခိုက်တယ်။”

တခြား မော်ကျွန်းတို့မှာလည်း ဖြစ်တယ်လို့ ကြားတယ်။

“မော်ကျွန်းလည်း ဖြစ်တယ်။ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ တွံတေး၊ ဖျာပုံနဲ့ ကျိုက်လတ် အထူးသဖြင့် ပေါ်ဆန်းစိုက်တဲ့သူတွေ ပို ထိခိုက်တယ်။”

အားလုံး မြို့နယ်ပေါင်းရင် လယ်ဧက ဘယ်လောက်ပျက်စီးတယ်လို့ ခန့်မှန်းရလဲ။

“ထိခိုက် ဧက အနည်းဆုံး ၅ သိန်းနဲ့ ၁ သန်းကြား ရှိနိုင်ပါတယ်။”

လယ်သမားတွေအနေနဲ့ စပါးရိတ်ရာသီမှာ လယ်တွေ ရေမြုပ်ပြီး စပါးပျက်စီးတဲ့အပေါ်မှာ ဘယ်လောက် အခက်အခဲရှိလာနိုင်လဲ။

“အခုလက်ရှိ သူတို့ပြောတာတော့ အကြွေးချေးတာ ပြန်မဆပ်နိုင်ဖြစ်နေတယ်။ လယ်တွေ ပျက်စီးသွားတော့ နောင် ထပ်စိုက်ဖို့လည်း အရင်းနှီးမရှိ ဖြစ်နေတယ်။ ကျနော်တို့က နိုင်ငံတော်သမ္မတဆီရော၊ ကျန်တဲ့ ပြည်ထောင်စု အစိုးရ၀န်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီရော၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေး ကော်မတီရော၊ ကျန်တဲ့ USAID (အမေရိကန်အကူအညီပေးရေးအဖွဲ့)၊ FAO (ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့)၊ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) တို့ တခြားအဖွဲ့တွေကိုလည်း အရေးတကြီး အကူအညီပေးဖို့ မေတ္တာရပ်ခံစာတော့ ပို့ထားပါတယ်။ ဒီနေ့လည်း ကျနော်တို့ ဂျာနယ်တိုက်က သတင်းထောက်တွေ၊ ရုပ်သံမီဒီယာတွေလည်း ခေါ်လာပြီး ဒီအခြေအနေကို လယ်သမားတွေနဲ့ တွေ့ခိုင်းတယ်။ အဓိကက ဖြစ်ပျက်နေတာတွေကို အရေးပေါ်အခြေအနေ ပြန်ကူညီပေးမှပဲ လယ်သမားတွေဘ၀ ပြန်လည် စားဝတ်နေရေးဘ၀ ပြန်ပြေလည်လာမယ့် အနေအထားရှိပါတယ်။”

အန်ကယ်တို့ အသင်းအနေနဲ့ရော လယ်သမားတွေကို လတ်တလောမှာ ဘာတွေ ကူညီဆောင်ရွက်ပေးမှု ရှိနေပြီလဲ။

“လတ်တလော သူတို့တောင်းဆိုတဲ့အထဲ ပထမတချက်က တာပေါ်လင်ပိတ်တွေ လိုချင်တယ်ဆိုတော့ အလိတ် ၂၀၀ လောက် ၀ယ်ပြီး လိုအပ်တဲ့ ဒေသတွေ ဖြန့်ဝေပေးတာတော့ ရှိတယ်။ နံပါတ် ၂ က သူတို့ ခြွေလှေ့စက်ဝယ်ချင်တယ်ဆိုတော့ ခြွေလှေံစက် ၁၀ လုံးကို သက်ဆိုင်ရာ မြို့နယ်အလိုက် သူတို့တောင်းတဲ့ မြို့နယ်တွေအလိုက်ပေါ့။ ဒေးဒရဲ ၃ လုံး၊ ဖျာပုံ ၃ လုံး၊ မော်ကျွန်း ၁ လုံး၊ ဒလ ၂ လုံး၊ ကော့မှူး ၁ လုံးပေါ့ စီစဉ်ပေးဖို့ ရှိတယ်။ နောက် အခြောက်ခံစက် ၂ လုံးကို ဒေးဒရဲနဲ့ တွံတေးမှာ တပ်ဆင်ပေးမယ်။ ပြဿနာက စပါးရောင်းဖို့ အခက်အခဲဖြစ်နေတယ်။ ပေါ်ဆန်းစပါးကို ၀ယ်မယ့်သူမရှိဘူး။ လောလောဆယ် အစည်းအဝေးလုပ်နေတာတော့ လယ်သမားတွေကို အဖွဲ့ဖွဲ့ပြီး ကျနော်တို့ အများပိုင်ကော်ပိုရေးရှင်းက ချေးငွေနဲ့ စပါး တင်း ၂ သိန်း (သိန်း ၄၀၀၀ ဖိုး) ၀ယ်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။”

မိုးထိပြီး စပါးပျက်စီးတဲ့အပေါ်မှာ ပြည်ပတင်ပို့မယ့်အခြေအနေ နစ်နာမှုတွေ ရှိနိုင်မလား။

“ပို့တဲ့အပိုင်းထိတော့ ကျနော်တို့မပြောနိုင်သေးဘူး။ လတ်တလောမှာ ပျက်စီးသွားတဲ့ မိုးစိုစပါးတွေအတွက်ကို တလင်းမရှိတဲ့အတွက် မိုးကာစတွေနဲ့ ခင်းပြီး စပါးလှမ်းတဲ့စနစ်ပေါ့နော်၊ တလင်းမရှိတော့ ခြွေလှေ့စက်လိုတယ်။ နောက် စပါးတွေကို ဒီအတိုင်းပစ်လိုက်မယ်ဆိုရင် ဒီအတိုင်းပစ်လိုက်မယ်ဆိုရင် အကျိုးအကျေများပြီး ဖွဲဖြစ်သွားမှာစိုးလို့ အခြောက်ခံပြီး လုပ်ပေးတာတို့၊ ဒါတွေကလည်း လတ်တလောဖြစ်တဲ့စပါးကို ရသလောက်ပြန်ပြီးတော့ recover ရအောင် အရေးပေါ်ပြင်ဆင်တဲ့ အပိုင်းတွေ လုပ်နေပါတယ်။ ဘယ်လောက်ကယ်နိုင်မလဲအပေါ်မှာပဲ မူတည်တာပေါ့။ လက်ရှိအနေအထားမှာတော့ ကျနော်တို့အသင်းရယ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရယ်တို့နဲ့ ပေါင်းပြီး လုပ်နေတာပေါ့။ ကျန်တဲ့အဖွဲ့အစည်းတွေ၊ လူတွေကတော့ စိတ်ဝင်စားမှု မရှိသေးပါဘူး။”

စာရင်းအရ စပါးပျက်စီးမှုက ဘယ်လောက်ရာခိုင်နှုန်းလောက် ရှိလဲ။

“အနည်းဆုံးက မိုးမိတဲ့နေရာတွေမှာဆိုရင် ၅၀ ရာခိုင်နှုန်းက လုံးဝပျက်စီးသွားတယ်။ စပါး ၁ ဧက တင်း ၄၀ ထွယ်မယ်ဆိုရင် တင်း ၂၀ ရရင် ကံကောင်းတာပေါ့။”

တခြားဘာများဖြည့်စွက်ပြောလိုတာ ရှိပါသလဲ။

“ကျနော်တို့ အယူအဆအရဆိုရင် နာဂစ်တို့၊ မုန်တိုင်းတို့၊ ငလျင်တို့လိုမဟုတ်ဘဲ မိုးလေးရွာလိုက်တယ် ဆိုပေမယ့်လည်း လယ်သမားတွေရဲ့ဘ၀မှာတော့ သဘာဝဘေးအန္တရာယ်ကြီး ကျရောက်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုတယ်။ ဒါနဲ့ပတ်သက်ပြီး အမြန်းဆုံး ကူညီလုပ်ဆောင်ပေးဖို့ အစိုးရအဖွဲ့၊ အတိုက်အခံပါတီတွေရော၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုရော အားလုံးကို ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013