DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ ရခိုင်တွင်ကျင်းပမည့်ကိစ္စ ကော်မရှင် အဆုံးဖြတ်မပေးနိုင်သေး
DVB
·
July 25, 2019
၂၀၂၀ ရွေးကောက်ပွဲ ရခိုင်တွင်ကျင်းပမည့်ကိစ္စ ကော်မရှင် အဆုံးဖြတ်မပေးနိုင်သေး
Donate to DVB

တိုက်ပွဲတွေနဲ့ နယ်မြေမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ ကျင်းပဖြစ်မယ်၊ မဖြစ်ဘူးဆိုတာကို ခုချိန်မှာ အဆုံးအဖြတ် မပေးနိုင်သေးဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ပြောပါတယ်။

အဆုံးအဖြတ်ပေးနိုင်မယ့်ကိစ္စဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်မယ့် အချိန်ကလည်း စောနေသေးသလို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကလည်း ပြောင်းလဲသွားနိုင်တဲ့အတွက် အဆုံးအဖြတ် မပေးနိုင်သေးတာလို့ ဆိုပါ တယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်စိုးဝင်းက “ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အနေအထားအရ ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတာ ရွေးကောက်ပွဲလုပ်ဖို့အတွက် ၁ နှစ်ခွဲလောက် အချိန်ရှိပါသေးတယ်။ အခြေအနေဆိုတာ ဒီနေ့နဲ့ နက်ဖန်မတူနိုင်ပါဘူးခင်ဗျ။ သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်ပေးမှာပါ။ အဲတော့ ရွေးကောက်ပွဲလုပ်ရန် ရှိ၊ မရှိဆိုတဲ့အပိုင်းကတော့ စောပါသေးတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလို ရခိုင်ပြည်နယ်မှာလည်း မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေရဲ့ စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်အောက်မှာရှိတဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအသီးသီးက ကော်မရှင်တွေအပါအဝင် ထွေအုပ်၊ လဝကစတဲ့ဌာနတွေနဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်အကုန်ကို နောက်ဆုံးထားပြီး စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲအကြိုအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရခိုင်ပြည်နယ်တာဝန်ခံနဲ့ ရခိုင် ပြည်နယ်အတွင်းရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။ 

အဲဒီတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကလည်း အခက်အခဲတွေ၊ လိုအပ်ချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မဲပေးပွဲ ကာလအတွင်း နေရပ်မှာမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မဲထည့်ခွင့်ဆုံးရှုံးနေရတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးဖို့ လည်း တောင်းဆိုလိုက်ပါတယ်။

ဒီလိုဆန္ဒမဲထည့်ခွင့်မရသူတွေထဲမှာ   ကချင်ပြည်နယ်၊ ဖားကန့်မှာရောက်နေတဲ့ သိန်းနဲ့ချီရှိနေတဲ့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းအလုပ်သမားတွေကလည်း အများစုပါဝင်ပြီး သူတို့တွေဟာ ရွေးကောက်ကွဲ ကျင်းပချိန်မှာ အဝေးရောက်နေလို့ မဲပေးခွင့် ဆုံးရှုံးကြရပါတယ်။

ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တခြားပြည်နယ်နဲ့ တိုင်းတွေမှာ ရှိနေခဲ့ကြပြီး အိမ်ထောင်စုစာရင်းနဲ့ ပြောင်းရွှေ့တာ မဟုတ်တဲ့အတွက် အခုလို ဆုံးရှုံးခဲ့ကြရတာလို့ ဆိုပါတယ်။

ဒီတင်ပြချက်နဲ့ ပတ်သတ်ပြီးတော့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ တာဝန်ခံကတော့ ပြည်သူတွေ မဲထည့်ပိုင်ခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်နေတဲ့အကြောင်းနဲ့  မဲပေး၊ မပေးကတော့ ကာယကံရှင်နဲ့သာ သက်ဆိုင်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013