DVB Logo
Home
မြန်မာသတင်း
မော်လူးမော်ဟန် ရတနာမြေ၌  လက်လုပ်လက်စား သတ္တုတွင်းလုပ်ကွက်ချပေးရန် တိုက်တွန်း
DVB
·
July 24, 2019
မော်လူးမော်ဟန် ရတနာမြေ၌  လက်လုပ်လက်စား သတ္တုတွင်းလုပ်ကွက်ချပေးရန် တိုက်တွန်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမော်ဟန် ရတနာနယ်မြေမှာ ဒေသခံတွေရဲ့ အလုပ်လက်မဲ့ပြဿနာနဲ့  မူးယစ်ဆေးစွဲပြဿနာတွေ လျော့နည်းဖို့ တပိုင်တနိုင် လက်လုပ်လက်စား သတ္တုတွင်း လုပ်ကွက်တွေ ချထားပေးဖို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ 

မော်လူးမော်ဟန် ရတနာနယ်မြေမှာ အဓိကအားဖြင့် ကျောက်စိမ်း၊ ရွှေအနည်းငယ်နှင့် သစ်တောထွက်ပစ္စည်းတွေ ထွက်ရှိပြီး အစိုးရက တရားဝင်လုပ်ကွက်ချထားပေးတာမရှိလို့ ဒေသခံတွေမှာ ခိုးတူးနေရတာကြောင့် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

 ဒါကြောင့် အစိုးရအနေနဲ့ တပိုင်တနိုင် လက်လုပ်လက်စားလုပ်ကွက်တွေ အမြန်ဆုံးချထားပေးနိုင်ရေးကို အင်းတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ဇူလိုင် ၂၃ ရက် တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

"တရားဝင်လုပ်ကွက်ချထားမပေးတော့ ခိုးတူးတယ်။ ခိုးတူးတော့ ရဲကဖမ်းတယ်။ တခါ မတူးရပြန်တော့ မိသားစု စားဝတ်နေရေး အဆင်မပြေဖြစ်တယ်။ အလုပ်လက်မဲ့တွေ များလာ တယ်။ အဲဒီတော့ များသောအားဖြင့် လူငယ်တွေ မူးယစ်ဆေးဝါးဘက် ရောက်သွားတယ်။ ဒေသမှာ အဓိကစီးပွားရေးက ဒါပဲ။ ဒါကို မလုပ်ရတော့ ကျန်တဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေပါ နှောင့်နှေးကုန်တယ်။"လို့ ဦးသန်းဝင်းက ပြောပါတယ်။

မော်လူးမော်ဟန် ရတနာနယ်မြေမှာ လက်လုပ်လက်စား တပိုင်တနိုင်လုပ်ကွက်တွေ ချထားပေးဖို့ ကွင်းဆင်းတိုင်းတာရေးအဖွဲ့ ဖွဲ့စည်းကာ တာဝန်ပေးထားပေမယ့် အစီရင်ခံစာ ပြန်လည်တင်ပြတာမရှိသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ 

ဒါ့အပြင် ဒေသခံကိုယ်စားလှယ်တွေပါတဲ့ ကျောက်မျက်ရတနာလုပ်ကွက်ချထားရေးအဖွဲ့ကို မြန်မာ့ကျောက်မျက်ဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်ပေမယ့် နည်းဥပဒေထွက်ဖို့လိုအပ်နေပါသေးတယ်။  နည်းဥပဒေထွက်ပြီးမှသာ လုပ်ကိုင်ခွင့်ချထားပေးနိုင်မယ်လို့ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ ပါတယ်။

မော်လူးမော်ဟန်ရတနာနယ်မြေမှာ အပိုင်း ၂ ပိုင်းခွဲထားပြီး အပိုင်း (က) အနေနဲ့ ၃၂၇.၁၂၄ ဧကနဲ့  အပိုင်း (ခ)မှာ ၁၅၅.၀၄၁ ဧကတို့ကို လုပ်ကွက်ချထားပေးနိုင်တဲ့ မြေနေရာအဖြစ် သတ်မှတ်ထားပါတယ်။ အရင်က ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်တာရှိခဲ့ပေမယ့် အစိုးရကနေ လွန်ခဲ့နှစ်တွေ ကတည်းက တရားဝင် ပိတ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013