DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် ကျောက်တူးရာက ကျင်းပြိုကျပြီး  လူ ၃ ဦးသေဆုံး
DVB
·
July 24, 2019
ယင်းမာပင်မြို့နယ်တွင် ကျောက်တူးရာက ကျင်းပြိုကျပြီး  လူ ၃ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ လာပို့ကျေးရွာအုပ်စု၊ ကုန်းကျေးရွာ အနောက် တောကျောင်းဘုရားရိုးချောင်းထဲမှာ ဇူလိုင် ၂၃ ရက်က ဒေသအခေါ် ရေသံကျောက် ခေါ် ရေဇယံသံကျောက် တူးဖော်တာကနေ ကျင်းပြိုကျကာ ကျင်းတူးနေသူ ၃ ဦး နေရာတင် သေဆုံး သွားပါတယ်။

ကျင်းပိသေဆုံးခဲ့သူတွေကို မြို့နယ်မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကာ ကူညီကယ်ဆယ်ခဲ့ပြီး ယင်းမာပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇေမိုးက "သတင်းကြားကြားခြင်း ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေ သွားတယ်။  ကျနော်တို့ ရောက်သွားချိန်မှာ ရွာသားတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက မြေအောက်ကနေ အပြင်ကို ထုတ်ပြီးသွားပြီ။ သေဆုံးသူကတော့ ၃ ဦးပါ"လို့ ပြောပါတယ်။

လာပို့ကျေးရွာ ကွင်းအမှတ် ၁၁၂၃ မှာ အမြင့် ၁၅ တောင်လောက်ရှိတဲ့ ကမ်းပါးအောက်ခြေမှာ လာပို့ကျေးရွာနေ ကိုကျော်ဆွေ၊ ကိုမိုးယံ၊ အောင်ကိုဇော်၊ မောင်ဆိုင်၊ မြဌေးတို့ ၅ ဦးက သံသေကျောက်တူးဖော်နေကြတုန်း ကမ်းပါးပြိုကျခဲ့တာလို့ သိရပါတယ်။ 

ကမ်းပါးပြိုကျမှုကြောင့် ကိုကျော်ဆွေ(၃၅ နှစ်) မှာ ညာဖက်မျက်လုံး ညိုမဲသွေးထွက်ဒဏ်ရာ၊ မောင်မိုးယံ (၁၅ နှစ်) မှာ နဖူး၊ မျက်နှာ၊ ရင်ဘတ် ညိုမဲဒဏ်ရာနဲ့  အောင်ကိုဇော် (၁၈ နှစ်)မှာ မျက်နှာ၊ လက်မောင်း ညိုမဲဒဏ်ရာ၊ နား၂ ဖက်ပေါက်ပြဲဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးခဲ့ပြီး မောင်ဆိုင်(၄၅ နှစ်) နှင့် မြဌေး (၄၅ နှစ်) တို့ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။ 

မြေပြိုကျ လူသေဆုံးမှုနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013