DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့နယ်တွင် စက်လှေဖြင့် မျိုးစပါးသွားပို့သည့်မိသားစု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး 
DVB
·
July 24, 2019
မြောက်ဦးမြို့နယ်တွင် စက်လှေဖြင့် မျိုးစပါးသွားပို့သည့်မိသားစု ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး 
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်မြင့်ကျေးရွာက မိသားစုဝင် လေးဦးဟာ တဖက်ကျေးရွာကို စက်လှေနဲ့ မျိုးစပါးသွားရောက်ပို့စဉ်မှာ လမ်းမှာ  မနေ့က သေနတ်ပစ်ခံရပြီး  ဦးခေါင်းမှာ ဒဏ်ရာရသွားတဲ့ မောင်ဘိုသန်းထွန်း အသက် ၂၂ နှစ်ဟာ ဒီမနက် မြောက်ဦးဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ မောင်ဘိုသန်းထွန်းဦးဟာ  ခေါင်းဒဏ်ရာပြင်းထန်တာကြောင့် မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံကို ဒီမနက်ပိုင်းကပို့ဆောင်ဖို့ ကားပေါ်ကို သယ်ယူနေတဲ့ အချိန်ပဲ ကားပေါ်မှာ သေဆုံးသွားတယ်လို့ သေဆုံးသူမောင်ဗိုလ်သန်းထွန်းရဲ့ မိသားစုတွေက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူမောင်ဗိုလ်သန်းထွန်းရဲ့အစ်မဖြစ်သူ ဒေါ်သိန်းအေးနုက “ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်က အစ်မမောင်လေးဆုံးသွားပါပြီ၊ ၉ နာရီလောက်ဆုံးသွားတာပါ။ ဦးခေါင်း ဒဏ်ရာ ပြင်းလို့ မြောက်ဦးကနေ စစ်တွေကို ယူဖို့ကားပေါ်ကိုချနေစဉ်မှာ ဆုံးသွားပါတယ်။ မနေ့ကကျမတို့ စစ်သားတွေကလှမ်းပြီးသေနတ်တွေနဲ့ တချက်တည်းပစ်တာ မဟုတ်ပါဘူး။ သေနတ်က တရစပ် ပစ်တာပါ။ အဲ့ဒီမှာ အစ်မရဲ့ယောက်ျားနဲ့ နောက်မောင်လေးတယောက်က ချောင်းထဲ ခုန်ဆင်းရတယ်။ အဲ့ဒီမှာထပ်ပစ်တယ်။ ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားတာပါ။”လို့ ပြောပါတယ်။

တောင်မြင့်ရွာက သေဆုံးသူမောင်ဗိုလ်သန်းထွန်းရဲ့ မောင်နှမသုံးဦးနဲ့ ယောက်ဖဖြစ်သူတို့ ဟာ ကြာကံကျေးရွာကို သူတို့ရဲ့ စက်လှေတစီးတည်းစီးကာ မျိုးစပါးသွားပို့လာကြတာဖြစ်ပြီး တိမ်ညိုကျေးရွာ၊ ဒိုင်ကွင်းအနားကို အရောက်မှာ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်တဲ့သူတွေကိုလည်း ထိထိရောက်ရောက်အရေးယူပေးဖို့နဲ့ ပစ်ဖို့ ညွှန်ကြားတဲ့ သူတွေကိုလည်း အရေးပေးဖို့ သေဆုံးသူ မောင်ဗိုလ်သန်းထွန်းရဲ့ အဖေဖြစ်သူက တောင်းဆိုပါတယ်။

“ဒီအပေါ်ကျနော်တို့ကတော့ လုံးဝကျေနပ်မှုမရှိပါဘူး။ ဒါကအရပ်သားတွေကို တမင် ပစ်လိုက်တာ ဖြစ်တယ်။ ဒီလို့ သွားနေတဲ့ အရပ်သားတွေကို ပစ်ခတ်နေမယ်ဆိုရင် နောက်ထပ် သေဖို့ လူတွေက အများကြီးပါပဲ၊ သားသေဆုံးတဲ့အတွက်ကြောင့် ဒေါသထွက် ရပါတယ်။ အဲ့ဒီ နေရာကိုမှာ စစ်တပ်တွေကို လုံးဝမရှိစေချင်ဘူး။ ပစ်ခတ်တဲ့သူတွေကိုအပြစ်ပေးဖို့ တောင်းဆိုချင် ပါတယ်။ ညွှန်ကြားတဲ့ သူတွေကိုလည်း အရေးယူပေးဖို့တောင်းဆိုပါတယ်။ အထက်က ပစ်ခွင့် ပေးလို့ ဒီလိုပစ်ခတ်နေကြတယ်။ အဲ့ဒီပေါ်မှာအရပ်သားတွေ အပြစ်မဲ့သူတွေ သေဆုံးကြတယ်။

သေဆုံးသူ မောင်ဗိုလ်သန်းထွန်းရဲ့ ရုပ်အလောင်းကို လက်ရှိမြောက်ဦးဆေးရုံ ခွဲစိတ်ဖို့ ပြင်ဆင်နေပြီး သူအလောင်းကိုတော့ ဇူလိုင် ၂၅ ရက်မှာ  မြောက်ဦးမြို့မှာ ဂူသွင်း သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

အဲဒီပစ်ခတ်ခံရမှုနဲ့ ပတ်သတ်ပြီး ဇူလိုင်၂၃ ရက်နေ့က တပ်မတော်ဘက်ကို မေးမြန်းရာ မှာတော့ စစ်ဆေးဖို့ရှိလို့ ခြောက်လှန့်ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒီဗွီဘီကို ပြန်လည်ဖြေဆို ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်ဇော်ဦးက “လိုအပ်လို့ စစ်ဆေးဖို့ရှိလို့ မသွားလို့ ခြောက်လှန့်ပစ်တာတော့ ဖြစ်ကောင်းဖြစ်မယ်။ သွားနေတဲ့ စက်လှေကိုတော့ ဒီတိုင်းပစ်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

လူသေဆုံးသွားပြီးနောက် ဒီကနေ့ မနက်ပိုင်းက တပ်တော်ဘက်ကို ထပ်မံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013