Homeမြန်မာသတင်း
ရေနံချောင်းမြို့နယ်၌ ရွာနှစ်ရွာအုပ်စုဖွဲ့ ရန်ဖြစ်ရာက စက်လှေနစ်မြုပ် လူ ၃၀ ကျော် ပျောက်နေ
ရေနံချောင်းမြို့နယ်၌ ရွာနှစ်ရွာအုပ်စုဖွဲ့ ရန်ဖြစ်ရာက စက်လှေနစ်မြုပ် လူ ၃၀ ကျော် ပျောက်နေ
DVB
·
July 24, 2019
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှာ ရွာနှစ်ရွာက ရွာသားတွေ အုပ်စုဖွဲ့ ရန်ဖြစ်ရာက စက်လှေနစ်မြုပ်လို့ လူ ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။
ရေနံချောင်းမြို့နယ်၊ ကန်သာရွာသစ်နဲ့ ဖရဲကျွန်းကျေးရွာက လူအုပ်စု နှစ်ဖွဲ့ မနေ့ညနေ ၃ နာရီဝန်းကျင်က ကျေးရွာမြေအငြင်းပွားမှုဖြစ်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဖရဲကျွန်းကျေးရွာ အုပ်စုရဲ့ စက်လှေ နစ်မြုပ်သွားတာဖြစ်ပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးမန်ကိုဟောက “ကမ်းပြိုလို့ ရွေ့လာတဲ့အဖွဲ့တွေ သူဘက်ကိုယ်ဘက် အငြင်းပွားတာ အဲဒါကကြာခဲ့ပြီ။ မနေ့က ၂ နာရီခွဲလောက်မှာ ဖရဲကျွန်းဘက်က လူအုပ်နဲ့ ကူးလာပြီး ကန်သာရွာသစ်က လူတွေရဲ့အိမ်နှစ်လုံး တက်ဖျက်တယ်။ ကန်သာဘက်ကလည်း လူအုပ်နဲ့ လောက်ခွတွေနဲ့ အပြန်အလှန်ထုကြဖြစ်တယ်။ ဒီဘက် ကန်သာဘက်က ရွာနဲ့ကပ်တော့ လူတွေထွက်လာကြတော့ ဟိုဘက်က အဖွဲ့တွေက စက်လှေနဲ့ ခေါက်ပြန်ကဲ့ပြီး လာပို့ထားတာ။ နောက်ဆုံးပို့တဲ့စက်လှေကို ဒီဘက်ရောက်ပြီးသား လူအုပ်က ပြေးရင် ကမ်းပေါ်အကပ်မခံတော့ဘဲ ရေထဲဆင်းပြေး စက်လှေပေါ်ဝိုင်းတက်တော့ သုံးခေါက်စာ လောက်လူက ဝိုင်းတက်တော့ စက်လှေကကမ်းနဲ့ ပေ ၂၀ ကျော်လောက်မှာ မြုပ်သွားတာ။ ကျနော်တို့ရောက်သွားတော့ကို ဒီဘက်ကမ်းမှာ ဖရဲကျေးရွာက လူ၄၀ လောက်တွေ့ ရလို့ လှေတွေနဲ့ ပြန်ပို့ပေးခဲ့တယ်” လို့ ပြောပါတယ်။
မနေ့ကညကရထားတဲ့ စာရင်းအရ လူ ၃၉ ဦးပျောက်နေပြီး ဒီကနေ့မနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာတော့ ကျား(၃)ဦးနဲ့ မ(၂)ဦး အလောင်းတွေ့ပြီး အသက်ရှင်နေတဲ့ ကျား(၁)ဦး၊ မ(၁)ဦးကို တွေ့ရှိခဲ့ပါတယ်။
ဒီကနေ့အထိ ပြန်မတွေ့သေးဘဲ ပျောက်နေသူ ၃၀ ကျော်ကတော့ ရေထဲမှာလား တခြားနေရာသွားပုန်းနေလာဆိုတာ အဖြေကို တိတိကျကျ မသိရသေးဘူးလို့ မြို့နယ်ထွေအုပ်ရုံးက ပြောပါတယ်။
သတင်း- ကိုလင်း(ချောက်)၊ မောင်ကောက်