DVB Logo
Home
မြန်မာသတင်း
သာယာဝတီခရိုင်က အမျိုးသမီး ၁ ဦး H1N1 ရာသီတုပ်ကွေးရောဂါဖြင့်သေဆုံး
DVB
·
July 24, 2019
သာယာဝတီခရိုင်က အမျိုးသမီး ၁ ဦး H1N1 ရာသီတုပ်ကွေးရောဂါဖြင့်သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာက အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတဦးဟာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသရင်း ရာသီတုပ် ကွေးရောဂါ H1N1 နဲ့ သေဆုံးသွားပါတယ်။

ထိန်တောကျေးရွာ၊ အင်္ဂါရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်စိုးစိုးဦးဟာ ဖျားနာရောဂါကို ၁၀ ရက်ခန့် ခံစားနေရတာကြောင့် ဇူလိုင် ၂၀ ရက်က မိုးညိုမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ပြီး မိုးညိုမြို့နယ်ဆေးရုံမှ ညနေ ၄ နာရီခွဲ လောက်မှာ သာယာဝတီခရိုင်ဆေးရုံသို့ လွှဲပြောင်း ကုသစေခဲ့တယ်လို့  မိုးညိုမြို့နယ်ဆေးရုံမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

လူနာဟာ သာယာဝတီခရိုင်ဆေးရုံကို မသွားဘဲ ကြို့ပင်ကောက်မြို့က ပုဂ္ဂလိက အထူးကု ဆေးရုံသို့ သွားရောက်ပြသပြီးနောက်  ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ခိုင်က "ကျနော့် အမျိုးသမီးက ဆီးချိုရောဂါလည်း ရှိတာကြောင့် သာယာဝတီခရိုင်ဆေးရုံကို မသွားဘဲ ကြို့ပင်ကောက်မြို့က အောင်မြင်မြင့်မိုရ်အထူးကု ဆေးရုံသို့ သွားရောက်ပြသခဲ့တာပါ။ အဲ့ဒီဆေးရုံက လူနာက အဆုတ်ပွပြီး H1N1 လက္ခဏာ တွေ့ရတယ် စိုးရိမ်ရတယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ချက်ချင်းသွားရောက်ပြသဖို့ လိုအပ်တယ် လို့ ညွှန်ကြားတာကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို သွားရောက်ပြီးတော့ ဆက်လက် ဆေးကုသမှုခံယူရင်း ၂ ရက်အကြာ ဇူလိုင် ၂၂ ရက် နေ့ ညနေပိုင်းမှာ ဆုံးပါးသွားခဲ့တာပါ"လို့ ပြောပါတယ်။

လက်ရှိမှာ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူတွေနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေကို ကာကွယ်ဆေးထိုးပေးတာတွေ သေဆုံးသူနေထိုင်ခဲ့တဲ့ နေအိမ်နဲ့ အနီးပတ်ဝန်းကျင်တွေမှာ ပိုးသတ်ဆေးတွေ ဖြန်းပေးနေပါတယ်။

 သေဆုံးသူနေထိုင်ရာ အနီးပတ်ဝန်းကျင်က ဒေသခံအချို့ ကတော့ ရာသီတုပ်ကွေးရောဂါ H1N1 ဆိုတာ မျက်စိနဲ့ မြင်တွေ့ရခြင်းမရှိတဲ့ ရောဂါပိုးဖြစ်လို့ စိုးရိမ်ပူပန်မှုအနည်းငယ်ရှိနေတယ်လို့ ထိန်တောကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ H1N1  ပိုးကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ဇူလိုင် ၂၃ ရက်အထိ ၇၁   ဦးထိရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

သတင်း- ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013