DVB Logo
Home
မြန်မာသတင်း
ညောင်ဦးတွင် မြစ်ရေမြင့်တက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းရန် စီစဉ်ထား
DVB
·
July 23, 2019
ညောင်ဦးတွင် မြစ်ရေမြင့်တက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းရန် စီစဉ်ထား
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့ရဲ့ နေရာတချို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်လို့ ညောင်ဦးခရိုင် တိုင်းဒေသကြီး  (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

“ရွှေ့ပြောင်းမယ့် ဘုန်းကြီးကျောင်းတွေ၊ ထောက်ပံ့မယ့် ပစ္စည်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဦးစီးဌာနကနေ အားလုံး ပြင်ဆင်ပြီးသားတွေပါ” လို့ဆိုပါတယ်။

ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ ၂၀ စင်တီမီတာသာ လိုတော့တယ်လို့ မိုးလေဝသနှင့် ဇလဒေညွန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၂၃ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက် အရသိရပါတယ်။

ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၂၁၂၀ စင်တီမီတာမှာရှိနေပြီး အခုလက်ရှိမှာတော့ ၂၁၀၀ စင်တီမီတာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ၃ ရက်အတွင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိမယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ လည်း သတိပေးထားပါတယ်။ 

လက်ရှိမှာ ရပ်ကွက်တွေထဲမှာတော့ ရေအရမ်းတက်တာမျိုးမရှိပေမယ့် ဧရာဝတီမြစ်ဖျား ပိုင်း၊ သာယာဝတီဆိပ်၊ မှန်ချို၊ ရေနံစု စတဲ့အပိုင်းတွေမှာ  ရေပို တက်နေတယ်လို့ ညောင်ဦးခရိုင် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောပါတယ်။

“ဧရာဝတီမြစ်ရေတက်နေတာ တပတ်တော့ရှိပြီ၊ သုံးလေးရက်လောက်ကတော့ တနေ့ကို တပေကျော်ကျော်တက်နေတယ်”လို့ ပြောပါတယ်။

ဒီလို မြစ်ရေမြင့်တက်လာတာကြောင့် ပုဂံဒေသက ရှေးဟောင်း စေတီ၊ ဘုရားပုထိုးတွေ ပျက်စီးမှာကိုလည်း  ဒေသခံ ပြည်သူတချို့က စိုးရိမ်နေကြပါတယ်။

မိုးကြီးလာပါက အနီးတဝိုက် ရိုးတွေနဲ့ ကန်တွေကနေ ရေတက်ပြီး ဘုရားတွေမှာ ရေကြီးတာမျိုး ရှိပေမယ့်လည်း မြစ်ရေတက်တာကြောင့် ရေကြီးတာမျိုးတော့ မရှိသေးဘူးလို့  ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောပါတယ်။

“ရေထွက်တဲ့မြောင်းတွေလည်း ရှိပါတယ်၊ မြောင်းတွေရှင်းလိုက်ရင် သူဟာနဲ့သူ ရေတွေက ထွက်တယ်၊ မိုးရွာတဲ့ကာလမှာတော့ ရေဝပ်တဲ့နေရာတွေမှာ ရေဖောက်ထုတ်တာမျိုးတွေတော့ ရှိတယ်”လို့ဆိုပါတယ်။

ညောင်ဦးမြို့နယ်ဟာ နှစ်တိုင်းလိုလို ဇွန်လနဲ့ ဇူလိုင်လတွေမှာ မြစ်ရေတက်တာကြောင့် ရေကြီးလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။ 

ဧရာဝတီမြစ်ရေတက်လာတာကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က မြို့နယ်တချို့မှာ အခုရက်ပိုင်း ရေကြီးရေလျှံနေပြီး လူဦးရေ ၂၀,၀၀၀ လောက် ရေဘေး ရှောင်နေရတယ်လို့ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း - ဆုမြတ်မေဇော်၊ ဓာတ်ပုံ-MDN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013