DVB Logo
Home
Lead Story
မုံရွာတင်ရွှေပြောတဲ့ သူတို့ခေတ်က ကျောင်းသားသမဂ္ဂ ဓလေ့
DVB
·
July 23, 2019
မုံရွာတင်ရွှေပြောတဲ့ သူတို့ခေတ်က ကျောင်းသားသမဂ္ဂ ဓလေ့
Donate to DVB

ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိသစ္စာ ခံယူခဲ့သည်။

ထိုကတိသစ္စာခံယူပွဲအပြီးတွင် ရန်ကုန်တက္ကသိုလ် ကံ့ကော်ဥယျာဉ်သို့ အမှတ်တရ သစ်ပင်စိုက်ပျိုးရန် လာရောက်စဉ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများက ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သူတို့ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များ၏ အဓိကအချက်မှာ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး၊ ဖိနှိပ်ထားသော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှုများအား ဖြေရှင်းပေးရေး စသဖြင့် ပါရှိသည်ကို တွေ့ရသည်။

သေချာသည်မှာ ယင်းပွဲတွင် ကျောင်းသားများ အော်ဟစ်ဆူပူခြင်းမျိုးမရှိ။ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်သက်စွာ ဆန္ဒဖော်ထုတ်ခြင်းကိုသာ တွေ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူကလည်း ကျောင်းသားများ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်များကို အိနြေ္ဒရရ ဖတ်ရှုသွားခဲ့သည်ကိုလည်း မီဒီယာစာမျက်နှာများတွင် မြင်တွေ့လိုက်ရပါသည်။စည်းကမ်းတကျ ဆန္ဒဖော်ထုတ်ခြင်းနှင့် အိနြေ္ဒရရ ဖတ်ရှုခြင်းတို့အပေါ်တွင် ပီတိဖြစ်မိသည်။

သို့သော် ထိုပီတိသည် ကြာရှည်မခံခဲ့ပါ။ မကြာမီတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်၌ ဆန္ဒဖော်ထုတ် ကျောင်းသားများအား အမနာပပြောဆိုခြင်း၊ ပြစ်တင်လှောင်ပြောင်ခြင်း၊ ရှုတ်ချခြင်းများကို မြင်တွေ့လိုက်ရပေတော့သည်။ ဝမ်းနည်းစရာပင်။

ဤအကြောင်းအချက်များကို တွေးနေစဉ်တွင် တချိန်က မုံရွာတင်ရွှေ ပြောပြသော အဖြစ်အပျက်တခုကို ပြန်လည်သတိရနေမိသည်။ မုံရွာတင်ရွှေနှင့် ကျနော်တို့ အင်းစိန်ထောင်၊ တိုက်အမှတ် ၅ တွင် ဆုံခဲ့သည်။ ရေချိုးချချိန် အန်ကယ်နှင့် လမ်းလျှောက်ရင်း သူတို့ခေတ် ကျောင်းသားသမဂ္ဂ အခြေအနေများကို မေးမြန်း စပ်စုမိသည်။ တရက်တွင် အန်ကယ်ဦးတင်ရွှေက ဝန်ကြီးချုပ်ဦးနုအား ဆန္ဒပြခဲ့ပုံအကြောင်းကို ပြောပြခဲ့သည်။

ဦးနုက ဝန်ကြီးချုပ်ပေါ့ဗျာ။ ဝန်ကြီးချုပ်ဆိုတာ တက္ကသိုလ်ရဲ့ အဓိပတိတဦးပဲ။ နိုင်ငံတော်အမြင့်ဆုံးအာဏာရှိသူဟာ အဲ့ဒီအချိန်က တက္ကသိုလ်အက်ဥပဒေအရ တက္ကသိုလ်ရဲ့ အဓိပတိ လုပ်ရပါတယ်။ ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပရင် အဓိပတိက တက်ရောက်ချီးမြှင့်ပေးရစမြဲပါ။ ခုနှစ်တော့ မေ့နေပြီဗျာ။ အသက်ကလည်း မေ့လောက်တဲ့အချိန် ရောက်ပြီထင်ပါရဲ့။ အဲ့ဒီ ဘွဲ့နှင်းသဘင်အချိန်ကာလ မတိုင်မီလေးမှာပဲ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကို ဆန္ဒပြတဲ့ ကိစ္စတခုနဲ့ ဖမ်းဆီးထားလေတော့ ကျနော်တို့ကလည်း ဝန်ကြီးချုပ် ဘွဲ့နှင်းသဘင် လာတက်ရင် ဆန္ဒပြဖို့ ပြင်ဆင်ထားတယ်။

ကျနော်တို့က သပိတ်မှောက် (ဘွိုင်းကောက်) လုပ်တာမဟုတ်ဘူး။ ကန့်ကွက်ဆန္ဒပြမှာလည်း မဟုတ်ဘူး။ ဆန္ဒဖော်ထုတ်ရုံ သက်သက်မို့ လိုချင်တာတွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဂျပ်စက္ကူပေါ်မှာရေးပြီး သမဂ္ဂအမှုဆောင်တွေက ကိုင်ဆောင်ပြီး ပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဘာကြွေးကြော်သံမှ မအော်ပါဘူး။ ဆိုင်းဘုတ်ကိုင်ထားရုံပါပဲ။

ဘွဲ့နှင်းသဘင်ကျင်းပတဲ့နေ့ ရောက်တော့ ကျနော်တို့ကလည်း အဓိပတိလမ်းဘေး တဖက်တချက်စီမှာ အစီအစဉ်အတိုင်း ဆိုင်းဘုတ်လေးတွေကိုင်ပြီး အဓိပတိအလာကို စောင့်နေကြတယ်။ ဝန်ကြီးချုပ်ကလည်း အဓိပတိလမ်းထိပ်ကနေ လမ်းလျှောက်ဝင်လာရင်း ကျနော်တို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို တပြုံးပြုံးနဲ့ကြည့်ပြီး လျှောက်လာတယ်။ ဆိုင်းဘုတ်တိုင်းကို အစုံအစေ့ဖတ်ပြီး ဘွဲ့နှင်းသဘင်ခန်းမအလယ်မှာ ရှိတဲ့ အဓိပတိခုံမှာ ထိုင်လိုက်တယ်။ ခနကြာတော့ ဘွဲ့နှင်းသဘင်မိန့်ခွန်း အမှာစကားပြောပြီး ကျောင်းသားတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့နှင်းအပ်တယ်ဗျ။ ပြီးတာနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိက မနက်ဖြန်မနက်မှာ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ ချိန်းဆိုတယ်။

နောက်ရက်မနက်မှာ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ သွားခဲ့တယ်။ ဝန်ကြီးချုပ်နဲ့ တွေ့ရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့ဗျာ။ အဲ့ဒီမှာ ရယ်စရာတွေလည်း ပါတယ်ဗျ။ ဝန်ကြီးချုပ်အခန်းထဲ ဝင်သွားတော့ ဝန်ကြီးချုပ်က “အမောင်ကျောင်းသားတို့ လာကြ ထိုင်ကြ” ဆိုပြီး နေရာပေးတယ်။ ထိုင်ပြီးတာနဲ့ စကားစပြောမယ်လုပ်တော့ ဝန်ကြီးချုပ်က သူ့လက်ဖဝါးလေးနဲ့ကာပြီး “နေအုံး..။ ကျနော်ပြာမယ်ဆိုပြီး သူကချည်း ပြောတော့တာပဲဗျို့။ သူပြောတာလေး ကျနော်မှတ်မိသမျှ ပြန်ေပြာမယ်ဆိုပြီး အန်ကယ်ဦးတင်ရွှေက ဆက်ပြောပါတယ်။

ဦးနုက “အခုလို ကျောင်းသားဘဝမှာ ရဲဘော်ရဲဘက်စိတ်နဲ့ အထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကို ကြိုဆိုလက်ခံကြောင်း။ ရဲဘော်ရဲဘက်စိတ်ထားရှိတာ ဝမ်းသာကြောင်း။ ကျောင်းသားအခွင့်အရေး ကာကွယ်ရေးဟာ ဗကသရဲ့မူတခု ဖြစ်တာကိုလည်း နားလည်ကြောင်း။ တို့များ ကျောင်းသားသမဂ္ဂ လုပ်ချိန်ကလည်း အဲ့ဒီ ရဲဘော်ရဲဘက်စိတ်ကို တစိုက်မတ်မတ် ကျင့်သုံးခဲ့ကြကြောင်း။ အဲ့ဒီစိတ်ကြောင့်ပဲ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့တာဖြစ်ကြောင်း” တို့ကို ပြောရင်း ခနနားတော့ ကျနော်ကလည်း ပြန်ရှင်းပြမလို့ ပြင်ချိန်မှာ ဦးနုက လက်ဖဝါးလေးကိုပြပြီး ထပ်ကာပြန်တယ်။ ပြီးတော့ သူက ဆက်ပြောသဗျ။

“အဲ့ဒီ ရဲဘော်ရဲဘက်စိတ်ကို လေးစားတဲ့အတွက် အမောင်တို့ရဲ့ သမဂ္ဂရဲဘော်တွေကို ထောင်ထဲမှာ သွားတွေ့နိုင်အောင် အထူးစီစဉ်ပေးမှာဖြစ်ကြောင်း။ အမောင်တို့ တောင်းဆိုခဲ့တဲ့ ပြန်လွှတ်ရေးကိုလည်း ကက်ဘိနက်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း။ ခရိုင်ကျောင်းသားများ သမဂ္ဂကိုလည်း ဆွေးနွေးပြီးတာနဲ့ ပြန်ကြားပေးမှာဖြစ်ကြောင်း” တို့ကို ပြောတယ်။ ကျနော်ကလည်း ဖမ်းဆီးကျောင်းသားကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို ပြောမယ်ပြင်တော့ ဦးနုက အရင်အကြိမ်တွေတုန်းကလိုပဲ လက်ကလေး ကာပြန်တယ်ဗျ။ ဒီတော့မှ သေသေချာချာကြည့်မိတော့မှ ဦးနုလက်ဖဝါးမှာ “အရဟံ” လို အက္ခရာကိုရေးပြီး ယတြာချေထားမှန်း သိလိုက်ရတယ်ဗျာ။

ကျနော်တို့လည်း သူပြောတာနားထောင်ပြီး ပြန်လာခဲ့ရတယ်။ ယတြာကပဲ စွမ်းသလား။ ဦးနုကပဲ နိုင်ငံရေးပါးဝသလားတော့ မပြောတတ်တော့ပါဘူးဗျာလို့ ပြောရင်း အန်ကယ်ဦးတင်ရွှေက တဟားဟားနဲ့ရယ်လို့။ ငယ်မူငယ်သွေးတွေ ပေါ်လာဟန်ပါပဲ။

ပြီး ဆက်ပြောတာက “နောက် ရက်အနည်းငယ်ကြာတော့ ကျောင်းသားတချို့ လွတ်မြောက်လာခဲ့သလို ခရိုင်သမဂ္ဂဖွင့်ခွင့် ပိတ်ပင်ခဲ့တာကို ပြန်လည်ခွင့်ပြုပေးကြောင်း ကြေညာချက် ထွက်လာခဲ့ပါတယ်။ ဒီမှာ ပြောဖို့ တခုကျန်ခဲ့တယ်ဗျ။ ကျနော်တို့ပြန်ကာနီးမှာ ဝန်ကြီးချုပ်က “တကယ်တော့ ဒီထိုင်ခုံမှာ ထိုင်နေရတာဟာ အမောင်ကျောင်းသားတို့ မရောက်လာမီအတွင်း ယာယီထိန်းသိမ်းပေးထားတဲ့ သဘောပါ။ တနေ့ ဒီထိုင်ခုံကို အမောင်တို့လက်အပ်ရမှာပါ” လို့ ပြောလိုက်သေးသဗျာ။” တဲ့...။

ယခုဖော်ပြခဲ့သည်တို့မှာ တချိန်က အန်အယ်လ်ဒီရဲ့ တတ်သိပညာရှင်လည်းဖြစ်၊ ၁၉၉၀ ရွေးကောက်ပွဲရဲ့ လွှတ်တော်အမတ်လည်း ဖြစ်ခဲ့သူပင်။ ယခုမူ ဤအကြောင်းကို ပြောပြခဲ့သော မုံရွာဦးတင်ရွှေတယောက်လည်း ဘဝတပါး ပြောင်းသွားခဲ့ပါပြီ။

ဝန်ကြီးချုပ်ဦးနု၏ နိုင်ငံရေးပါးဝပုံကို ရယ်ရယ်မောမောနှင့် ဟာသလေးနှောပြီး ပြောပြခဲ့သော အန်ကယ်ဦးတင်ရွှေကိုသာ သတိရနေမိသည်။ အကယ်၍များ အန်ကယ်ဦးတင်ရွှေသာ သက်ရှိထင်ရှား ရှိသေးလျှင် ဇူလိုင် ၂၀ ရက်နေ့မှအဖြစ်ကို မည်သို့ကောက်ချက်ပေးမည် ဆိုသည်ကို သိချင်စမ်းပါဘိတော့သည်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013