DVB Logo
Home
မြန်မာသတင်း
ငဝန်မြစ်ရေတိုက်စားသဖြင့် အင်္ဂပူမြို့နယ်တွင် လူနေအိမ်များ ရွှေ့ပြောင်းနေရ
DVB
·
July 23, 2019
ငဝန်မြစ်ရေတိုက်စားသဖြင့် အင်္ဂပူမြို့နယ်တွင် လူနေအိမ်များ ရွှေ့ပြောင်းနေရ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ ငဝန်မြစ်ရေ တိုက်စားတဲ့အတွက် လူနေအိမ်ပေါင်း ၄၀ ကျော် ရွှေ့ပြောင်းနေကြရပါတယ်။

ဒါ့အပြင် အင်္ဂပူမြို့နဲ့ ညောင်ကျိုး ဒေသရှိ ကျေးရွာတွေ ဆက်သွယ်ထားတဲ့လမ်းမပေါ်ရှိ ကညင်တပင်တံတား   ရေတိုက်စားပြီး ပျက်စီးမယ့် အခြေအနေရှိနေတာကြောင့် လမ်းမနဲ့ တံတားကို ပိတ်ထားလိုက်ရပါတယ်။

ကြို့ကုန်းကျေးရွာနေဦးမြင့်သန်းကတော့ "ခု ငဝန်မြစ်နဲ့ မမြချောင်းထဲ တိုက်စား စီးဝင်သွားပြီ။ လူနေအိမ်တွေက ဒီနေ့အထိ ၄၀ ကျော်လောက် ရွှေ့ပြောင်းနေကြရတယ်။ ရေက ၂၀၁၅ လောက်သာကြီးရင် လယ်မြေဧက ၄၀၀၀ ကျော်လောက်က ဒီမမြချောင်းဘေးက ရွာတွေမှာ ရေလွှမ်းစရာအကြောင်းရှိနေတယ်။ ခုကညင်တပင်တံတားကို လူတွေလောက် ဖြတ်ခိုင်းတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက တံတားကို ခိုးဖြတ်နေကြတယ်။ ဒုက္ခရောက်နိုင်တယ်ဗျ။ တံတားက ဒီမိုးတွင်းလောက်မှာ မြစ်ထဲ ပါသွားနိုင်တယ်။ အဲကြောင့် ပိတ်ထားတာပါ။ ဒုက္ခတွေက အစုံပေါ့ဗျာ။ နေစရာမြေ အခက်အခဲရှိ ကလေးတွေ ကျောင်းတက်ဖို့ အခက်တွေ့နေကြရပြီပေါ့ဗျာ"လို့ ပြောပါတယ်။

ငဝန်မြစ်ကို မြစ်ချောင်းဖြိုးဌာနကနေ ကမ်းထိန်းလုပ်ငန်းတွေကို ကျပ်သိန်းပေါင်း ၃၀၀၀ အကုန်အကျခံ ကမ်းထိန်တာတွေ လုပ်ဆောင်ပေမယ့် ကမ်းပါးပြိုပြီ မမြချောင်းထဲကို ဇူလိုင်လ ၂၁ ရက်နေ့က တိုက်စားပြီး စီးဝင်နေတာပါ။

အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က "ကျနော်တို့က ခုဖြစ်စဉ်ကို တိုင်းအစိုးရကို တင်ပြတယ်။  ဇူလိုင် ၂၂ရက်နေ့မှာ တိုင်းအစိုးရအဖွဲ့ ဆင်းလာကြည့်တယ်ပေါ့။ နောက်ပြီး ဟိုဘက်မှာ တံတားသစ်တစင်း လုပ်နေပြီ၊ အဲတံတားကလည်း မကြာခင်ပြီးမှာပါ။ ရွေ့ပြောင်း ရတဲ့သူတွေရဲ့ မြေနေရာရရှိဖို့က အဲဒီရွာက အုပ်ချုပ်ရေးမှူးနဲ့ မြေတိုင်းစာရေးကို စာရင်းပြုစုပြီး တင်ပြခိုင်းထားပါတယ်။ ငဝန်မြစ်ကိုတော့ လာမယ့်နှစ်လောက်မှာ မြစ်ကြောင်းပြောင်းဖို့ သောင်တူးမယ်ပေါ့။ ဒါက ပြည်ထောင်စုအဆင့်အထိ တင်ပြရတာပါ။ လောလောဆယ်တော့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဖို့ အသင့်အနေအထားတွေရှိနေဖို့ စီစဉ်ထားပါတယ်"လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်ဟာ ငဝန်မြစ်ကမ်းပါးပြိုကျတာနဲ့ ဧရာဝတီမြစ်ကမ်းပါးပြိုကျတာတွေကို နှစ်စဉ် ကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013