DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်အရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ရရေး ရခိုင်အမျိုးသားပါတီ ကြိုးပမ်းမည်  
DVB
·
July 23, 2019
ဖက်ဒရယ်အရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ရရေး ရခိုင်အမျိုးသားပါတီ ကြိုးပမ်းမည်  
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ရရေးတို့ကို ထည့်သွင်း ပြင်ဆင်နိုင်ဖို့ အဓိက ထားဆွေး နွေးသွားမယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။

ခုလိုလုပ်ဆောင်ရတာဟာ လွှတ်တော်အတွင်း အင်အားအများဆုံး ဦးဆောင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ ဒီမိုကရစီစနစ်ကို ဦးတည်ဆောင်ရွက်နေပြီး တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်အကောင်အထည်ဖော်ရေးကို ဖော်ဆောင်လိုမှု အားနည်းနေတဲ့အတွက် ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက  ပြောပါတယ်။

“အဓိအားဖြင့် ၂၁ ပင်လုံက အတည်ပြုထားတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးသွားမှာပါ။ ဒါမှသာ ကျနော်တို့ တိုင်းရင်းသားတွေအတွက် ဒီမိုကရေစီစနစ်တင်မဟုတ်ဘူး ဖက်ဒရယ်စနစ်ပါ ပီပြင်လာဖို့ တည်ဆောက်ဖို့ အတွက် ဖွဲ့စည်းပုံမှာ အာမခံချက် ပေးထားသလိုဖြစ်မှာပါ။ အဲလို အာမခံချက် မရှိဘူးဆိုရင်တော့ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ အခက်အခဲရှိပါတယ်။ ဒါကို နိုင်ငံတော်ရဲ့ အခြေခံမူမှာ ထည့်သွင်းပေးနိုင်မှ တိုင်းရင်းသားတွေအတွက် ပြီးပြတ်မှာပါ။”

ဒါ့အပြင် ပြည်နယ်တွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း အာမခံချက်ပေးနိုင်ဖို့ ဆွေးနွေးသွားမယ်လို့လည်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နောက်တချက်က ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲခွင့်၊ အဲဒါတွေကို ကိုယ်တိုင် အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်စနစ်ရဲ့ လက္ခဏာတွေဖြစ်တဲ့ ပြည်နယ်တွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲခွင့်ရှိတယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ထည့်ပေးမှသာ အာမခံချက်ဖြစ်မှာပါ။ အခု ကျနော်တို့ တိုင်းရင်းသားတွေ ပြင်ချင်တာ အချက်တွေအတော်များတယ်။ ပြည်နယ်အုပ်ချုပ်ပုံသာ ရေးဆွဲခွင့် ထည့်ပေးလိုက်မယ်ဆိုရင် အဲဒီအချက်ပေါင်းများစွာဟာ ဒီဖွဲ့ စည်းပုံမှာ ထည့်ရေးစရာမလိုတော့ဘူး။ အန်အယ်လ်ဒီရဲ့ ပြင်ဆင်ချက်တွေကို ကြည့်လိုက်တဲ့ အခါမှာ အကုန်လုံး ဒီမိုကရေစီဘက်ကို ဇောင်းပေးထားတာတွေ့ရတယ်။ ဖက်ဒရယ်ဘက်ကို အားနည်းတယ်။ အဲတာကျတော့ ကျနော်တို့ဘက်က ပြောရမှာပေါ့” လို့ ဦးဖေသန်းက ဆိုပါတယ်။

ဒီအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးဖို့အတွက် ရခိုင်အမျိုးသားပါတီအနေနဲ့ ကိုယ်စားလှယ် ၇ ဦး လောက်ဆွေးနွေးဖို့ အမည်စာရင်း ပေးသွင်းထားပြီး မိမိတို့ရဲ့ အမြ င်သဘောထားအတိုင်း လွတ်လပ်စွာ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်မှာ ဒုတိယအင်အားအများဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးဖို့ အမည်စာရင်းပေးသွင်းမယ့် ကိုယ်စားလှယ် ၃ ဦးလောက် စီစဉ်နေပြီး အပြုသဘောဆောင် ဆွေးနွေးသွားဖို့ရှိနေပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ကတော့ ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒအတိုင်း ပါဝင်ဆွေးနွေးခွင့် ပြုထားတဲ့အတွက်  တဦးချင်းစီအလိုက် အမည်စာရင်းပေးသွင်းနေကြပါတယ်။ 

အန်အယ်လ်ဒီ ပါတီအနေနဲ့ကတော့ ကိုယ်စားလှယ် ၁၉ ဦးလောက် ပါဝင်ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း ပါတီလွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။ ပြင်ဆင်ရေးပူး ပေါင်းကော်မတီရဲ့ အစီရင်ခံ စာအပေါ် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့  ဇူလိုင် ၂၂ ရက် နောက်ဆုံးထား အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ထားတာပါ။

ဇူလိုင် ၂၂ ရက် ညနေ ၅ နာရီလောက်အထိတော့ ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးမှုရှိမရှိကိုတော့ အတည်ပြုပေးနိုင်ခြင်းမရှိသေးဘူးလို့  လွှတ်တော်ရုံးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013