DVB Logo
Home
မြန်မာသတင်း
ကာတွန်းဆရာ ကာဠု-ပြည်ကို တရားစွဲရန် ပြင်ဆင်နေဟု ဆန္ဒပြကျောင်းသူ ပြော
DVB
·
July 23, 2019
ကာတွန်းဆရာ ကာဠု-ပြည်ကို တရားစွဲရန် ပြင်ဆင်နေဟု ဆန္ဒပြကျောင်းသူ ပြော
Donate to DVB

ဆန္ဒထုတ်ဖော်တဲ့ကျောင်းသူကို ရည်ရွယ်ရေးသားခဲ့တဲ့ ကာတွန်းဆရာ ကာဠု-ပြည်ရဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို တိုင်ကြားမှာဖြစ်သလို တရားစွဲဖို့ စီစဉ်နေတယ်လို့ ဆန္ဒပြကျောင်းသူ မအိသီရိကျော်က ဒီဗွီဘီကို ပြောပါတယ်။

“သတင်းမီဒီယာကောင်စီကိုတော့ ဒီနေ့ (ဇူလိုင် ၂၂) မှာပဲ တိုင်စာပို့မှာပါ၊ ကောင်စီက တိုင်စာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်အုံးမယ်။ ပြီးတော့ သူရေးဆွဲခဲ့တဲ့ ကာတွန်းက လူတယောက်ကို အသရေဖျက်စေတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို အားပေးအားမြှောက် ဖြစ်စေတယ်ပေါ့။ တရားရုံးကို ဦးတိုက်လျှောက် တိုင်ကြားဖို့အတွက် အခုတော့ ဥပဒေအရာရှိတွေနဲ့ တိုင်ပင်နေတယ်” လို့ မအိသီရိကျော်က ပြောပါတယ်။

ဇူလိုင် ၂၀ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ကို လာရောက်ချိန်မှာ ဗကသအဖွဲ့ဝင် ရန်ကုန်ကုန်တက္ကသိုလ်ကျောင်းသား တချို့က ဆန္ဒပြကြရာမှာ မအိသီရိကျော်က ကျောင်းသူတွေ လိင်အကြမ်းဖက်ခံရမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဒီဆန္ဒပြပွဲနဲ့ပတ်သက်လို့ ကာတွန်းဆရာ ကာဠု-ပြည်က ကာတွန်းရေးဆွဲခဲ့ရာမှာတော့ မအိသီရိကျော်ပုံစံနဲ့ လှောင်ပြောင်တဲ့ စာသားတွေကို ထည့်သွင်းပြီး ကာတွန်းရေးဆွဲခဲ့တဲ့အတွက်   နစ်နာတဲ့ ကာယကံရှင် ကျောင်းသူက ဥပဒေကြောင်းအရ တရားစွဲဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ကာတွန်းဆရာ ကာဠု-ပြည်ကတော့ သူရေးဆွဲခဲ့တဲ့ ကာတွန်းမှာ ရေးသားသုံးနှုန်းတဲ့ စကားလုံးတွေဟာ ရင့်သီးရိုင်းစိုင်းသွားတာကြောင့် ကာယကံရှင်​နဲ့ ကျောင်းသား​ ကျောင်းသူ အားလုံးကို တောင်းပန်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းကလည်း ကာတွန်းဆရာ ကာဠု-ပြည်ကို တွေ့ဆုံ သတိပေးစကား ပြောခဲ့ကြောင်း၊ ကျောင်းသူကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်တဲ့အကြောင်းနဲ့ အသင်းဝင် ကာတွန်းဆရာတွေအနေနဲ့ စာနယ်ဇင်းကျင့်ဝတ် စည်းကမ်းနဲ့အညီ ရေးဆွဲကြဖို့ တိုက်တွန်းတဲ့အကြောင်း ဇူလိုင် ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013