DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းနေသဖြင့် ရွာသားများ နေရပ်စွန့်ထွက်ပြေး
DVB
·
July 22, 2019
မြေပုံမြို့နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းနေသဖြင့် ရွာသားများ နေရပ်စွန့်ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ကျေးရွာတွေအနီးတဝိုက်မှာ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး လက်နက်ကြီးသံတွေကြောင့် ကျေးရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

ဇူလိုင် ၂၀ ရက်မနက်က စတင်ပြီး မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာ ဆိပ်ကမ်းမှာ မြန်မာ့တပ်မတော် ရေကြောင်းက စစ်သင်္ဘော ၂ စီး နေရာယူထားပြီး ပေါက်တူးတောင်ကျေးရွာတွင်းက ဘုန်းတော်ကြီးကျောင်းနဲ့ ရွာအနီးက ကားလမ်းတို့မှာ နေရာယူသလို ပေါက်တူးတောင်နောက်ဘက်က သံနားရွာစာသင်ကျောင်းမှာလည်း နေရာယူကြ တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

နောက်တနေ့ည ၉ နာရီလောက်ရောက်ချိန်မှာတော့ လက်နက်ကြီးသံကြားတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးသွားကြတာလို့ ပေါက်တူးတောင်ရွာသားတဦးက ပြောပါတယ်။

“ပေါက်တူးတောင်ကြားနဲ့ ရေခေါင်းချိန်ကြားက မြစ်ဟာ မိုင်တ၀က်ကျော်ကျယ်တယ်။ ၂၀ ရက်နေ့က လူတွေကို ကုန်းပေါ်တင်တယ်။ ရေခေါင်းချိန်ဘက်မှာတ၀က်၊ ပေါက်တူးတောင်ဘက်မှာ တ၀က် တင်တယ်။ ရွာထဲကိုဝင်လာတော့ ပေါက်တူးတောင်အနောက်ဘက် သံနားရွာမှာ မူလွန် ကျောင်းဆောင်မှာ နေရာယူတယ်။ နောက်ပြီး အရှေ့ဘက်ခြမ်းက ဘုန်းကြီးကျောင်းမှာ နေရာယူ တယ်။ တောင်ကုန်းမှာ တနေရာယူတယ်။ နောက်နေ့ ည ၉ နာရီလောက်မှာ မြောင်ရွာနားလောက်က အမြောက်သီး ၂ လုံးထုတယ်။ ၅ မိနစ်လောက်နေတော့ ပေါက်တူးတောင်ကြားနဲ့ ရခေါင်းချိန်ကြားမှာ နေရာယူထားတဲ့ သင်္ဘာက ၂ ချိန်းထုတယ်။ ဒီတော့ ကျနော်တို့ရွာက ကျောင်းဆရာ၊ ဆရာမကအစ ရပ်ရွာမှာရှိတဲ့ လူကြီးလူငယ်တွေ အကုန်လုံး ကြောက်ပြီးတော့ ထွက်ပြေးသွားကြတာ။”

ရေခေါင်းချိန်ကျေးရွာသားတွေက ထွက်ပြေးတာနည်းပေမယ့် ပေါက်တူးတောင်ရွာက အများစု ထွက်ပြေးကြသလို ကျေးတော၊ သက်ရာ၊ ကျောက်ခြွေနဲ့ ငန်းတောင်ရွာသားတွေ အနည်းအကျဉ်းပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ မြေပုံမြို့နယ် ကမ်းထောင်းကြီးနဲ့ သရက်တောကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းအပါအဝင် နီးစပ်ရာဆွေးမျိုးတွေဆီမှာ ခိုလှုံနေကြပြီး ကမ်းထောင်းကြီးမှာ ယာယီဒုက္ခသည်စခန်းဖွင့်ပြီး ဆောင်ရွက်ပေးထားပါတယ်။

ကမ်းထောင်းကြီးကျေးရွာသားတဦးက “ရွာပေါင်း ၄ ရွာက ပြောင်းရွှေ့လာကြတယ်။ ကျေးတော၊ သက်ရာ၊ ပေါက်တူးတောင်နဲ့ ကျောက် ခြွေကပါတယ်။ နှစ်ထောင်နီးပါးလောက် တောင်ရှိတယ်။ တချို့ကတော့ ဆွေးမျိုးအိမ်မှာ နေကြတယ်။ ကျနော်တို့ ကမ်းထောင်းကြီးမှာတော့ ဒုက္ခသည်စခန်းလို့ ယာယီဆိုပြီး ဘုရားကြီးမှာဖွင့်ထားတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၁၉ ရက်က တပ်ဆိပ်မြစ်အတွင်း တပ်မတော်ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော် အေအေဘက်က တိုက်ခိုက်ခဲ့တာကြောင့် အဲဒီရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“မြစ်တွင်းသွား အများပြည်သူသွားတဲ့ စက်လှေတို့၊ သဘာဝဘေးအန္တရာယ်ရှိရင် ကူညီ ကယ်တင်ဖို့ဆိုပြီးတော့မှ ကျနော်တို့ တောင်ဆိပ် မြစ်ထဲမှာထားတဲ့ တပ်ရေယာဉ်ကို ဒီကောင်တွေ အဝေးကနေပြီးတော့မှ  အာပီဂျီအမျိုးအစားလို့ ယူဆရတဲ့ဟာနဲ့ ပစ်တဲ့အတွက်ကြောင့် ပေါက်တူးတောင်၊ အဲဒီနားမှာရှိတဲ့ သရက်အုပ်တို့ အဲဒီအနီးတဝိုက်ပေါ့။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာရှိတယ်။ ကျန်တာကတော့ ဘာမှ ထူးခြားမှုမရှိပါဘူး”လို့ပြောပါတယ်။

ရွာသားတွေ နယ်ရပ်စွန့်ခွာထွက်ပြေးသွားကြတဲ့ အိမ်ခြေထောင်နဲ့ချီရှိတဲ့ ပေါက်တူးတောင် ကျေးရွာမှာ လူဦးရေ ၇၀ လောက်သာကျန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထွက်ပြေးသွားတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေ၊ ဆွေးမျိုးတွေဆီကို တိမ်းရှောင် နေကြတာကြောင့် စာရင်းအတိကျကိုတော့ မသိရပါဘူး။

လက်ရှိ ရွာသားတွေ ထွက်ပြေးသွားကြတဲ့ ကျေးတော၊ သက်ရာ၊ ပေါက်တူးတောင်နဲ့ ကျောက်ခြွေက စတဲ့ကျေးရွာတွေဟာ တရွာချင်းစီ ဆိုပေမယ့် ကျေးရွာချင်းဆက်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013