
အီရန်အသင်းနေရာမှာ တခြားအသင်းနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အီရန်အသင်းကို ကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့် ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာတဲ့သူတွေဟာ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့ (IRGC) နဲ့ အဆက်အသွယ်ရှိတဲ့ သူတွေကိုတော့ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အီရန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်နဲ့ ထိုက်တန်ကြောင်းနဲ့ အားကစားမှာ နိုင်ငံရေး က ဝင်မစွက်ဖက်သင့်ကြောင်း အီရန်ပြည်သူတွေက ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်း နေရာမှာ တခြားအသင်းတသင်းနဲ့ အစားထိုးဖို့ အမေရိကန် အထူးကိုယ်စားလှယ်တယောက်က အကြံပေးခဲ့တာကို အီရန်ပြည်သူတွေက ပယ်ချခဲ့ တာပါ။
အမေရိကန် အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဇမ်ပိုလီက အီရန်အသင်းနေရာမှာ တခြားအသင်းနဲ့ အစားထိုးသင့်တယ်လို့ ဖီဖာဥက္ကဋ္ဌနဲ့ သမ္မတထရမ့်ပ် တို့ကို အကြံပေးခဲ့တာပါ။
အီရန်နိုင်ငံမှာရှိတဲ့ ပရိသတ်တွေကတော့ ဒီအဆိုပြုချက်က မတရားကြောင်းနဲ့ ဒါဟာ နိုင်ငံရေး လှုံ့ဆော်မှု တခုလို့ ဆိုပါတယ်။
ဘောလုံးပစ္စည်းဆိုင် ပိုင်ရှင်တယောက်က “ကျနော်တို့အသင်းကို ဒီလို ဆက်ဆံဖို့ အကြောင်း မရှိပါဘူး။ ကျနော်တို့ လက်ရွေးစင်အသင်းက ပွဲတွေကစားတယ်၊ နိုင်တယ်၊ ခြေစစ်ပွဲအောင်ထားတဲ့ အသင်းပါ။ ဥက္ကဋ္ဌတယောက်က ဒီအသင်းကို ဖယ်ပြီး တခြားအသင်းနဲ့ အစားထိုးမယ် ဆိုတာမျိုးက မမှန်တဲ့လုပ်ရပ်ပါ” လို့ ပြောပါတယ်။
ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့မှာ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက် အထိ ကျင်းပမှာ ဖြစ်ပါတယ်။
တီဟီရန်မြို့ခံ တယောက်က “ဖီဖာဆိုတာ လုံးဝလွတ်လပ်တဲ့အဖွဲ့အစည်းတခု ဖြစ်တာကြောင့် နိုင်ငံ အသင်းတွေကို ဖိအားမပေးနိုင်ပါဘူး။ အားကစားဆိုတာ ယဉ်ကျေးမှုရဲ့ လေးနက်တဲ့ ပုံစံတခုပါ” လို့ ပြောပါတယ်။
Source: Reuters










