DVB Logo
Home
Lead Story
ခွေးပေါက်ဖွားနှုန်း ချိန်ကိုက်ဗုံးအရေး (အယ်ဒီတာအာဘော်)
DVB
·
July 22, 2019
ခွေးပေါက်ဖွားနှုန်း ချိန်ကိုက်ဗုံးအရေး (အယ်ဒီတာအာဘော်)
Donate to DVB

ယခုအစိုးရလက်ထက်တွင် ခွေးရူးကာကွယ်ဆေးများအတွက် ကျပ် ၁၅ ဘီလီယံခန့် သုံးစွဲထားရသည်ဟု ဇူလိုင်လအတွင်း ကျင်းပနေသည့် ပြည်သူ့လွှတ်တော်တရပ်တွင် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

နှစ်စဉ် ခွေးကိုက်နှုန်းများ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်တွင် ခွေးကိုက်ခံရသည့် လူပေါင်း ၁၈၀၀၀၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉၂၀၀၀ ဦးကျော်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယခုခြောက်လအတွင်း အယောက် ၆၀၀၀၀ အကိုက်ခံခဲ့ရသည်။

ပျမ်းမျှ တလလျှင် လူအယောက် ၁၂၀၀၀ ခန့် အကိုက်ခံနေရခြင်းဖြစ်ပြီး ခွေးရူးအကိုက်ခံရသဖြင့် လူသေဆုံးမှုများလည်း ရှိနေသည်။

ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ခွေးရူးရောဂါကြောင့် ၂၀၁၄ ခုနှစ်တွင် ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၉၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၆၉ ဦး၊ ၂၀၁၉ ခုနှစ်တွင် ယခုအချိန်ထိ ၄၁ ဦး အသီးသီး သေဆုံးခဲ့ကြရသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တွင် Dog Bite Treatment Centre ဆိုပြီး မေလ ၂၉ ရက်တွင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်းနှင့် အင်းစိန်တို့တွင် ဖွင့်လှစ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

အဆိုပါစင်တာများ ဖွင့်လှစ်အပြီး တလခွဲအတွင်း လူ ၃၃၂၆ ဦးကို ခွေးရူးကာကွယ်ဆေး အကြိမ်ပေါင်း ၁၁၄၆၈ ထိုးလိုက်နိုင်သည်ဟုလည်း ဌာနက ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် ခွေးသန်းခေါင်စာရင်းအရ ပိုင်ရှင်ရှိခွေး ၄ သန်း၊ ပိုင်ရှင်မဲ့ခွေး ၂ သန်းကျော် ရှိသည်ဟု သိရပြီး ခွေးပေါက်ဖွားနှုန်း ကြောက်ခမန်းလိလိ တိုးမြင့်နေသည်။

ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးက ခွေးပေါက်ဖွားနှုန်းသည် Time Bomb အချိန်ကိုက်ဗုံးကြီးနှင့် တူနေသည်ဟု ပြည်သူ့လွှတ်တော်တွင် ထုတ်ပြောသွားသည်။

“ခွေးက သားမွေးပေါက်မည်ဆိုပါက ၎င်းခွေးများကို ကာကွယ်ဆေးများ လိုက်ထိုး၍ ပြီးမည့်ကိစ္စ မဟုတ်ဘဲ နောက်ထပ် အနှစ်တရာလည်း ပြီးမည်မဟုတ်သည့်အတွက် ခွေးပေါက်ဖွားနှုန်းကို လျှော့ရန်လိုတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ထောက်ပြသွားသည်။

ခွေးအရေးကို လက်တွေ့ကျသော မဟာဗျူဟာ နည်းဗျူဟာနှင့် လုပ်ဆောင်ကြရန် လိုအပ်နေပြီး လူမှုယဉ်ကျေးမှုဆိုင်ရာ ထောက်တိုင် (Socio Cultural Pillar)၊ နည်းပညာဆိုင်ရာ ထောက်တိုင် (Technical Pillar)၊ အဖွဲ့အစည်းဆောင်ရွက်မှုဆိုင်ရာ (Organization Pillar) နှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာ (Political and Administrative Pillar) များ အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်မှသာလျှင် အောင်မြင်မည်ဖြစ်သည်။

ဥပဒေလည်းရှိပြီးဖြစ်ကာ နိုင်ငံတော်အနေဖြင့် စည်ပင်သာယာရေး ဥပဒေများဖြစ်သော ရန်ကုန် (၂၀၁၈)၊ မန္တလေး (၂၀၀၂)၊ နေပြည်တော် (၂၀၀၉)၊ ၂၀၁၀ တပ်မြို့စည်ပင်သာယာရေး ဥပဒေများတွင် မြို့တော်နယ်နိမိတ်အတွင်း အန္တရာယ်ဖြစ်စေနိုင်သော တိရစ္ဆာန်များကို အဆိပ်ကျွေးသုတ်သင်ခြင်း အပါအဝင် သင့်လျော်သော နည်းလမ်းများဖြင့် ဖယ်ရှားရှင်းလင်းခြင်း၊ အချိန်မရွေး ဖမ်းဆီးခြင်း၊ တိရစ္ဆာန်ထိန်းသိမ်းရေးရုံသို့ ပို့ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။

သို့သော် ဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် နှိမ်နင်း လုပ်ဆောင်မှုကို ယနေ့အထိ မမြင်မတွေ့ရသေးပေ။

ယခုတခါ ကာကွယ်ဆေးထိုးပြီး ဖြေရှင်းနိုင်မည်လား ဆိုသည်ကို လွှတ်တော်တွင် တင်ပြ ဆွေးနွေးလာကြပြန်ရာ လမ်းဘေးခွေး အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ခွေးအားလုံးကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံရန်လုပ်ငန်းသည် လက်တွေ့မကျသော လုပ်ငန်းဟု တင်ပြလိုရင်လည်း ဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013