DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင် မိုးခေါင်သဖြင့် လယ်များ စိုက်မရဖြစ်နေ၊ ပျိုးပင်အချို့ သေဆုံး
DVB
·
July 21, 2019
စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင် မိုးခေါင်သဖြင့် လယ်များ စိုက်မရဖြစ်နေ၊ ပျိုးပင်အချို့ သေဆုံး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ မိုးခေါင်နေလို့ လယ်တွေ မစိုက်နိုင်သေးသလို တချို့ပျိုးပင်တွေ သေတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ ရေကြီးပြီးတဲ့နောက် အောက်ပိုင်းမြို့တွေ ဆက်တိုက်ရေကြီး နေပေမယ့် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ မိုးခေါင်နေတာပါ။

ရေဦးမြို့နယ်ထဲမှာတော့ ဆည်ရေမရတာကြောင့် လယ်အားလုံးနီးပါး မစိုက်ရသေးဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။

“ဒီမှာက ဆည်ရေသောက်များပါတယ်။ ခုက ပြွန်တွေထဲမှာ ရေဂိတ်မမီတော့ လယ်ထဲကို ရေမရဘူး ဖြစ်နေတာ။ တချို့ကပဲ စက်နဲ့ မောင်းပြီးတင်လို့ ရေရကြတာ။ တချို့က ရေတွင်းတူးကြ တာလည်းရှိတယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ်တောင်ဘက်က ဒီပဲယင်းဘက်မှာလည်း လယ်တွေ မစိုက်ရသေးဘူးလို့ သိရတယ်လို့လည်း သူက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာတော့ မိုးကိုမျှော်ပြီး စိုက်ထားတဲ့ ပျိုးပင်တွေသေကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

ချပ်ကုန်းရွာက တောင်သူ ဦးမောင်နိုင်က “ပျိုးထောင်ထားတာက တချို့တွေ သေကုန်ပြီ။ ရေတွင်းတူးပြီး ရေပေးနိုင်တဲ့သူတွေကတော့ ရတာပေါ့။ တချို့ကျတော့လည်း အခြောက်တမန်းမှာပဲ ကြဲပက်ထားလိုက်တာ။ မိုးရွာရင် ပေါက်လာမှာပေါ့” လို့ ပြောပါတယ်။

အရင်နှစ်တွေကလည်း မိုးခေါင်တာရှိပေမယ့် ခုလို ပျိုးပင်တွေ သေတဲ့အထိ မဖြစ်ဘူးလို့ သူက ပြောပါတယ်။

ကောလင်းမြို့နယ်မှာတော့ လယ်တွေမှာ ရေတင်လောက်အောင်အထိ မိုးမရွာတာကြောင့် ရေတွင်းတူးပြီး ရေသွင်းနေရပါတယ်။

ကြို့ခုံရွာဒေသခံ ကိုနေဆန်းဦးက “မိုးက ဒီနေ့မှရွာတယ်။ ရေစက်မောင်းတင်ပြီး စိုက်ထားတဲ့ လယ်တွေကတော့ အဆင်ပြေသွားနိုင်တယ်။ မစိုက်ရသေးတဲ့လယ်တွေကတော့ နောက်မိုးဆက်မှပဲ အဆင်ပြေနိုင်မယ်။ ပုံမှန်ဆိုရင်တော့ ခု ဇူလိုင်လဆန်းပိုင်းမှာ အားလုံး စိုက်ပြီးပါပြီ’’ လို့ ပြောပါတယ်။ လက်ရှိမှာတော့ လယ်တွေရဲ့ သုံးပုံတပုံလောက်ပဲ စိုက်ထားကြသေးတယ်လို့ လည်း သူက ပြောပါတယ်။

ဒီနေ့မှာတော့ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးနဲ့ ဗန်းမောက်တို့မှာ မိုးရွာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက တောင်ကြီးမြို့နယ်မှာ မိုးမရွာသေးလို့ တောင်သူတွေ စိုက်ပျိုးမရဖြစ်နေပြီး ကချင်ပြည်နယ်၊ မိုးညှင်းမှာတော့ မိုးခေါင်နေလို့ ပြီးခဲ့ရက်ပိုင်းက မိုးခေါ်ပွဲလုပ်ခဲ့သလို မကွေးတိုင်း မြိုင်မြို့မှာလည်း လွန်ဆွဲပွဲလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013