Home
မြန်မာသတင်း
ဂန့်ဂေါ ကိုယ်ထူကိုယ်ထမီးလိုင်းမှ တာဝါတိုင်အတွက် မီးသွယ်မည့်ကိစ္စ ကန့်ကွက်
Aung Ko Latt
·
July 21, 2019
67453236_1075016956036632_6788607866195410944_n
67133040_1075016846036643_2886109038116864000_n
67123912_1075016812703313_8904173099662966784_o
66919395_1075016869369974_3004753403680129024_n
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ကျေးရွာမှာ တယ်လီနော တာဝါတိုင် လည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ကျေးရွာမီးလင်းရေး ကိုယ်ထူကိုယ်ထ ဆွဲထားတဲ့ မီးလိုင်းကနေ သွယ်တန်းဖို့ လုပ်ဆောင်နေတာကြောင့် ကျေးရွာနေပြည်သူအချို့က ကန့်ကွက်နေကြပါတယ်။  တာဝါတိုင်တည်ဆောက်စဉ်ကလည်း လူနေအိမ်တွေကြားထဲမှာဖြစ်လို့ အိမ်နားနီးအချို့က ကန့်ကွက်တာတွေရှိခဲ့ပြီး တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ဆိုကာ ဆက်လက်လုပ်ဆောင်ရွက်ခဲ့တာပါ။  တာဝါတိုင်စိုက်ပြီး စတင်လည်ပတ်စဉ်က မီးမရရှိသေးတဲ့အတွက် လောင်စာဆီသုံး အင်ဂျင်စက်ကို အသုံးပြုကာ မောင်းနှင်ခဲ့ပြီး အနံ့နံတာ၊ ပတ်ဝန်းကျင်ဆူညံတာတွေကြောင့် ကန့်ကွက်မှုတွေ ရှိတဲ့အတွက် ရပ်နားထားခဲ့ပြီး အခုမီးရချိန်မှာ ကျေးရွာ မီးလင်းရေး ကိုယ်ထကိုယ်ထမီးလိုင်းကနေ လျှပ်စစ်သွယ်တန်းဖို့ ဆောင်ရွက်နေတာကြောင့် မီးသုံးစွဲသူတွေက မီးအားလျှော့ကျသွားမှာတွေ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေအပေါ်မှာ ကန့်ကွက်နေကြတာပါ။ "၂၀၁၇ နှစ်ကုန်လောက်က စခဲ့တယ်။ စတုန်းက သူတို့ပြောတုန်းက နိမ့်နိမ့်လေးပြောပြီး အခုတော့ အမြင့်ကြီးလုပ်ထားတယ်။ လေတိုက်လို့ ပြိုလဲမှာတွေ ဘာတွေလည်း ကြောက်တယ်။ စတုန်းကလည်းက ကန့်ကွက်ခဲ့တယ်။ ၅ ကြိမ်ထက်မနည်းတော့ဘူး။ အခုလည်း ရွာမီးလိုင်းကနေ မီးယူဖို့လုပ်နေပြန်ပြီ။ အဓိကကတော့ လူနေအိမ်တွေကြားထဲမှာ ရွာထဲမှာဖြစ်လို့ပါ။ ကျန်တဲ့ ရွာပြင် လူနအိမ်နဲ့လွတ်တဲ့နေရာမှာဆို ကန့်ကွက်နေစရာအကြောင်းမရှိပါဘူး။ မီးသုံးဖို့လည်း ရွာကို သိန်း ၁၃၀ ပေးတယ်ပြောတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ကျန်တဲ့ မီးကော်မတီ တချို့နဲ့ပေါင်းပြီး လုပ်သွားကြတာ။ ရွာကိုလည်း အသိမပေးဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး" လို့ တယ်လီနော တာဝါတိုင်ကိစ္စကို ကန့်ကွက်နေသူ ဒေါ်ကြည်ထွေးက ပြောပါတယ်။ "တာဝါတိုင်စစိုက်မယ်ဆိုတော့ လက်မှတ်ထိုးပြီး သဘောတူကြတယ်။ မြေကျင်း လာတူး တာက ၂၅ ရက်လောက်ကြာတယ်။ တာဝါတိုင်ထောင်လို့ ပြီးတဲ့နေ့ကျမှ ကန့်ကွက်တာ။ ကျနော်ကလည်း သူတို့သဘောတူညီချက်ရလို့သာ ထောက်ခံချက်ပေးထားတာ။ တခါ စက်မောင်း ပြီးလည်တော့လည်း စက်သံဆူတယ်ဆိုပြီး လာတိုင်တော့ သွားနားထောင်တယ်။ သူတို့ပြောတဲ့ အတိုင်း ဟုတ်တာနဲ့ ကုမ္ပဏီကို ရပ်ခိုင်းထားတယ်။ မီးရတော့ ကျေးရွာရန်ပုံငွေသိန်း ၁၃၀ နဲ့ မီးဆွဲခွင့်ပေးလိုက်တယ်။ လတ်တလောကတော့ ကန့်ကွက်မှုရှိတဲ့အတွက် လုပ်ငန်းရပ်ဆိုင်း ခိုင်းထားပါတယ်" လို့ မွှေ့လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ပြောပါတယ်။ တယ်လီနောတာဝါတိုင်ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စတင်ကာစိုက်ထူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ မွှေ့လယ်ကျေးရွာမှာ MPT, MyTEL, Telenor စတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေရှိနေပါတယ်။ MPT တာဝါတိုင်က ရွာထဲမှာရှိပေမယ့် နေရာကျယ်တဲ့ ရုံးဝင်းအတွင်းမှာ စိုက်ထူထားသလို မိုင်တဲတာဝါတိုင်ကလည်း ရွာပြင်မှာလို့ ဆိုပါတယ်။ "တည်ဆောက်ရေးပိုင်းကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ တည်ဆောက်ထားတဲ့အတွက် မီးသွယ်တန်းရေးမှာ တာဝါတိုင်ကို မီးပေးတော့မယ့် အနေအထားမှာ တာဝါတိုင်အနီးအနားက ပြည်သူတွေက လက်မခံတာပါ။ မီးသွယ်တန်းတာကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မီးကော်မတီက သိန်း ၁၃၀ နဲ့ သဘောတူထားတယ်။ ရွာအနေနဲ့ နားလည်မှုလေးနဲ့ဖြေရှင်းရင်တော့ ကျန်တဲ့ ကဏ္ဍတွေလည်း လုပ်ထုံးလုပ်နည်းနဲ့အညီဖြေရှင်းရင်တော့ အားလုံးပြေလည်သွား မှာပေါ့" လို့ ဂန့်ဂေါမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်မင်းက ပြောပါတယ်။ မွှေ့လယ်ကျေးရွာက အိမ်ခြေ ၁၂၀၀ လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ လျှပ်စစ်မီးသုံးစွဲခွင့် လျှောက်ထားသူ ၉၂၆ ဦးရှိပြီး ၄၆၉ ဦး မီးလင်းနေပြီဖြစ်ကာ၂၀၁၉ ခုနှစ် ဇန်နဝါရီလတုန်းက ဝန်ကြီးချုပ်ကိုယ်တိုင် ဖွင့်လှစ်ပေးထားတာပါ။ လတ်တလောမှာ မီးသွယ်တန်းမယ့်ကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုနေ ကြပါတယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေအနေနဲ့ ပြေလည်အောင်ဖြေရှင်းမပေးနိုင်ရင် ဆန္ဒပြတာတွေ ပြုလုပ်သွားမယ်လို့ ကန့်ကွက်နေသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024