DVB Logo
Home
မြန်မာသတင်း
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ  ၆၄ ဦးရှိပြီ
DVB
·
July 21, 2019
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ  ၆၄ ဦးရှိပြီ
Donate to DVB

H1N1 ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူ ဇူလိုင်လ ၂၀ ရက်နေ့အထိ မြန်မာုနိုင်ငံလုံးမှာ ၆၄  ဦး ရှိလာပြီး ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူတွေက ရန်ကုန်တိုင်းမှာ ၅၁ ဦး ဧရာဝတီတိုင်းမှာ ၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၃ ဦး၊ မကွေးတိုင်းနဲ့ မွန်ပြည်နယ်မှာ ၂ ယောက်စီ၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ ၁ ယောက်စီ ဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ H1N1 ရောဂါပိုး သံသယလူနာအဖြစ် စစ်ဆေးသူ ၈၀၇ ဦး ရောဂါပိုး ကူးစက်ခံထားရသူ ၃၄၁ ဦး ရှိပါတယ်။ ရန်ကုန်လို လူဦးရေ ထူထပ်တဲ့နေရာမှာတော့ ရောဂါပိုးကူးစက်တာအများဆုံးရှိတဲ့ မြို့နယ်တွေက တောင်ဒဂုံ၊ လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာတွေက နေ့စဉ် ကူးစက်သူဦးရေ မြင့်တက်နေပြီး သက်ကြီးရွယ်အို၊ ၅နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ 

ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထား ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ  တိုးချဲ့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013