တရုတ်တွင် ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦး ရှိပြီ
DVB
·
July 21, 2019

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်က ဓာတ်ငွေ့စက်ရုံမှာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ ၁၅ ယောက်ထိ မြင့်တက်ပြီး ၁၅ ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာရတယ်လို့ ဇူလိုင် ၂၀ ရက်နေ့ တရုတ် အစိုးရရုပ်သံ CCTV သတင်းမှာ ဖော်ပြပါတယ်။
ယီမာစက်ရုံက လေခွဲထုတ်ရေးအပိုင်းမှာ ဇူလိုင် ၁၉ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီ ထိုးခါနီးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
မတော်တဆ ဖြစ်အပြီး ထုတ်လုပ်ရေး ရပ်ဆိုင်းထားတယ်လို့ ဒေသန္တရ အစိုးရက ဝေဘိုလူမှုကွန်ယက်ပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံနားက ရေထုနဲ့ လေထုညစ်ညမ်းသွားခဲ့တယ်။ ဒါပေမယ့် အခြေအနေကို အာဏာပိုင်တွေက ထိန်းချုပ်ပြီးပြီလို့ ဆိုပါတယ်။
ယီမာဓာတ်ငွေ့စက်ရုံဟာ အစိုးရပိုင် Henan Coal Gas Group of Co Ltd. ရဲ့ အစိတ်အပိုင်းပါ။ ဒီကုမ္ပဏီဟာ ဒီလအစောပိုင်းကမှ ဘေးကင်းတဲ့ ထုတ်လုပ်မှုအတွက် ပြည်နယ် စံပြအဖြစ် စာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီလို့ အစိုးရထုတ် ပေကျင်းနယူးစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။