DVB Logo
Home
မေးမြန်းခန်း
အမျိုးသားတပ်မတော်ကြီးက အမျိုးသားကို သစ္စာမဖောက်သင့်ဘူး – ရွှေည၀ါဆရာတော်
DVB
·
December 3, 2012
အမျိုးသားတပ်မတော်ကြီးက အမျိုးသားကို သစ္စာမဖောက်သင့်ဘူး – ရွှေည၀ါဆရာတော်
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့မှုနဲ့ပတ်သက်ပြီး ရွှေည၀ါဆရာတော်ရဲ့ မိန့်ကြားချက် ဖြစ်ပါတယ်။

“ကျုပ် အမေရိကန်ပြည်ထောင်စုကနေပြီး ပြန်လာတာ ဒီနေ့ဆို ၅ ရက်ရှိပြီ။ ကျုပ်တို့ရောက်တော့မှ လက်ပန်းတောင်းတောင် ကိစ္စကြီးနဲ့ ပတ်သက်ပြီးတော့ မြင်တွေ့ကြားသိရတာ၊ အဓိကမြင်ကွင်းနဲ့ ပတ်သက်ပြီးတော့ ၀မ်းနည်းဖွယ်ရာ သိပ်ကောင်းတယ်။ စိတ်ထဲမှာ လက်ရှိအစိုးရအပေါ်မှာ အတော်သံသယဖြစ်တယ်။ ပြည်ပမှာတုန်းက ဒီလောက်ထိ သံသယမဖြစ်ဘူး။ ဒီလိုအခြေအနေမျိုးကို အခြားနည်းလမ်းတွေ ရှာဖွေပြီးတော့ ဖြေရှင်းလို့ ရနိုင်ပါလျက်နဲ့ ကမ္ဘာက စောင့်ကြည့်နေတဲ့ အတိုင်းအတာမျိုးကို ဒီလောက်ထိ ရဟန်းသံဃာတွေကို ဘာကြောင့် နှိမ်နင်းတာလဲ၊ ဘာကြောင့် ဒီလောက်လုပ်တာလဲဆိုပြီး စိတ်မကောင်းခြင်းများစွာနဲ့အတူ သံသယတွေ တပုံတပင်ကြီးနဲ့ စိတ်ထဲမှာ တွေးစရာတွေ အများကြီးဖြစ်လာတယ်။

[caption id="attachment_24119" align="alignright" width="300" caption="ရွှေည၀ါဆရာတော်"][/caption]

“အဲတော့ ကျုပ်တို့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ မခံမရပ်နိုင်အောင် ပေါက်ကွဲပြီးတော့ အုံကြွသွားမယ့်အခြေအနေကို အမျိုးမျိုး တောက်လျှောက် ဖန်တီးလာတာ ကျုပ်တို့ ထိန်းသိမ်းခဲ့တယ်။ အခု လက်ပန်းတောင်းတောင် ကိစ္စက တရုတ်နဲ့ ပူးပေါင်းပြီး ကျုပ်တို့တိုင်းပြည် နောက်ကြောင်းပြန်လှည့်ဖို့ အစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ဖန်တီးတာက ဒါ ဗြောင်ဆန်လွန်းတယ်။ ဗြောင်ဆန်လွန်းတဲ့အနေအထားမျိုးမှာ အခုလိုအခြေအနေထိ မလုပ်လောက်ဘူးလို့ ကျုပ်တို့ ထင်ထားခဲ့တယ်။ အခုက ဗြောင်ကျလွန်းတယ်။ ကျုပ်တို့က ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်၊ မဖြစ်သင့်ပါဘူးဆိုတဲ့ စကားမျိုးကို ဒီအချိန်မှာ ကျုပ်တို့ပြောနေလည်း အလကားပဲ။ ပြတ်ပြတ်သားသား ရပ်တည်ရမယ့် အချိန်ရောက်ပြီ။ အဲတော့ ၈၈ မျိုးဆက်တွေရော၊ အန်အယ်လ်ဒီတွေရော၊ ရဟန်းသံဃာတွေရော၊ တိုင်းပြည်မှာ မျိုးချစ်စိတ်ရှိတဲ့သူ အားလုံးကို ကျုပ်အနေနဲ့ပြောချင်တာက လက်ရှိအစိုးရအပေါ်မှာ၊ လက်ရှိစစ်တပ်အပေါ်မှာ ကျုပ်တို့အနေနဲ့ ပါးပါးနပ်နပ် ဘယ်လိုကိုင်တွယ်ပြီးတော့ ကျုပ်တို့က လျှော့ပေးပြီးတော့ ပြည်သူ့တပ်မတော် ပြည်သူ့စစ်တပ်၊ မျိုးချစ်တပ်မတော် မျိုးချစ်စစ်တပ်၊ မျိုးချစ်အစိုးရ ပြည်သူ့အစိုးရဆိုပြီး ယုံကြည်ခဲ့တာ အကုန်လုံးကို။ လက်ရှိအချိန်မှာ ကျုပ်တို့ ဘယ်လို ဆက်ချစ်ရမလဲ။ ဘယ်လိုဆက်ပြီး လက်တွဲရမလဲ။ ကျုပ်တို့ ရန်သူကို မိတ်ဆွေလုပ်ခဲ့တာ အစစအရာရာ ထိုးကျွေးပြီး၊ ဘ၀တွေပေးပြီး လုပ်ခဲ့တာ နောက်ထပ် ဘာပေးရဦးမလဲ။ နောက်ထပ် ထပ်ပြီးတော့ ပေးရမှ တိုင်းပြည်ကြီး တိုးတက်မယ်ဆိုရင်၊ တိုင်းပြည်ကြီး အေးချမ်းမယ်၊ တိုင်းပြည်ကြီး လုံခြုံမယ်ဆိုရင် ကျုပ်တို့ ထပ်ပြီးတော့ ဘာပေးစရာ လိုသေးလို့လဲ။ အသက်တွေပဲ ကျန်တော့တယ်။ အန်အယ်လ်ဒီလည်း ပေးပြီးပြီ။ ၈၈ မျိုးဆက်တွေလည်း ပေးပြီးပြီ။ ကျုပ်တို့တွေလည်း ပေးပြီးပြီ။ သံဃာတွေလည်း ပေးပြီးပြီ။ အခု နောက်ထပ် ဒီလိုလုပ်တာကတော့ အရပ်သားအစိုးရလက်ထက်၊ ပါလီမန်ဒီမိုကရေစီ လွှတ်တော်အစိုးရ လက်ထက်မျိုးကိုရောက်မှ ဒီလို နှိမ်နင်း၊ ဖြိုခွင်းတာ ရင်ထဲမှာ တော်တော် မကောင်းဘူး။ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ၊ ပြည်ပမှာရောက်တုန်းကလည်း ပြည်ပမှာရှိတဲ့ မြန်မာတွေကို ကျုပ်တို့က ဖြေသိမ့်စကားနဲ့ လက်ရှိအစိုးရကို စောင့်ကြည့်ပါ၊ အချိန်ပေးပါ၊ ကြိုးစားနေပါတယ်ဆိုတဲ့ အာမခံချက်တွေနဲ့ ပြောခဲ့တာ။ ဒါပေမယ့် အခုအချိန်မှာ ဘာကြောင့်ဒီလိုလုပ်တာလဲ၊ ဒီလိုလုပ်တာဘယ်သူလဲ၊ ဒီလိုလုပ်တာကို နောက်ခံကြိုးကိုင်တာ ဘယ်သူလဲ။ ကျုပ်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်ကြီးဟာ ပြည်သူတွေ အားထားရမယ့်၊ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးမယ့် တပ်မတော်ကြီးဆိုတာ ဘယ်တော့မှ ဖြစ်ပေါ်လာမှာလဲ။ ပြည်သူကို သတ်ဖို့၊ ပြည်သူကို အမြဲ ဒုက္ခပေးဖို့ သူတို့လက်ထဲကို လစာရိက္ခာတွေပေးပြီး သေနတ်ပြောင်းဝတွေကို ကျူပ်တို့က အပ်နှံထားတာလား။ တော်တော် ၀မ်းနည်းစရာကောင်းတယ်။ နောက်ထပ် ဘာတွေထပ်ပေးရဦးမှာလဲ၊ ကျုပ်တို့ ပေးခဲ့တာတွေများခဲ့ပြီ။ နောက်ထပ်ပေးစရာရှိတာတွေ ထပ်ပေးဖို့အထိ ရှိသေးပေမယ့် ခံနိုင်ရည်မရှိတော့ဘူး။ နောက်ထပ် အသက်တွေ လိုချင်သေးလို့လား၊ ကျန်ရှိနေတဲ့ အသက်တွေ လိုချင်သေးတာလား။ လိုချင်သေးရင် ပေးလိုက်မယ်။ စိတ်ကောင်းမွေးပါ၊ ကောင်းအောင် ကြိုးစားပါ။ ကျုပ်တို့ဘက်က အလျှော့ပေးပြီး၊ တိုင်းပြည်ကောင်းစားရေး ရှေးရှုပြီး ပြောခဲ့ ဆိုခဲ့ လုပ်ခဲ့ကိုင်ခဲ့တာတွေ တပုံတပင်ကြီး ဒုနဲ့ဒေးနဲ့ ကုန်နေပါပြီ။ မလုံလောက်သေးဘူးလား။ အခု သံဃာတွေ ထပ်ပေးနေပြန်ပြီ။ မျက်နှာတွေနဲ့ တကိုယ်လုံးလည်း စုတ်ပြတ်နေပြီ။ ဒီလောက် ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်မှုမျိုး မလုပ်သင့်ဘူးလေ။ လက်ရှိ အစိုးရဟာ ဗုဒ္ဓဘာသာမှ ဟုတ်မှဟုတ်ပါသေးရဲ့လားလို့ ဒီလောက်အဆင့်ထိ မြင်လာပြီ၊ တွေးလာပြီ။

“အမျိုးသားတပ်မတော်ကြီးက အမျိုးသားကို သစ္စာမဖောက်သင့်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းမျှော်လင့်ခဲ့တဲ့ တပ်မတော်ကြီးက ဒီကနေ့အချိန် ပြည်သူ့ဘက်က ရပ်သင့်ပြီ။ လက်ရှိအစိုးရလည်း ပြည်သူ့ဘက်ရပ်သင့်ပြီ။ နောက်ပြန်လှည့်သူတစုကို သူ့ကံအကြောင်းတရား အထိုက်အလျောက် နောက်မှာချန်ထားခဲ့မယ်လို့ သမ္မတကိုယ်တိုင်က ပြောခဲ့တယ်။ အဲစကားကို အားရနှစ်သက်စွာနဲ့ ကျုပ်တို့ ယုံကြည်ခဲ့တယ်။ အခု ကျုပ်တို့က ဘယ်သူ့ကို အားကိုးရမလဲ၊ ယုံကြည်ရမလဲ။ ဘယ်သူ့ကို လက်ဆုပ်လက်ကိုင် အားကိုးအားထားပြုရမလဲ။ ကျန်ရှိနေသေးတာ ပေးရမယ်ဆိုရင် ကျုပ်တို့အသက်တွေပဲရှိတော့တယ်။ ဘ၀တွေထိုးကျွေးပြီး ပေးဆပ်ခဲ့ပြီးပြီ။ အခု သံဃာတော်တွေအကုန်လုံးကလည်းပဲ ကိုယ်အကျိုးကိုယ်အတွက်တာ မဟုတ်ဘူး။ အကြမ်းဖက် သရုပ်ပျက်အနေနဲ့ လုပ်နေတာလည်း မဟုတ်ဘူး။ ကိုယ်တော်တွေဟာလည်း သာရုပ္ပ (လေးစားကြည်ညိုဖွယ်ရာအသွင်) နဲ့ နေကြပြီး ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို မျှဝေခံစားတဲ့ သဘောမျိုးနဲ့ သင့်မြတ်တယ်ထင်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အပေါ် ဒီလောက်ထိ မနှိမ်နင်းသင့်ဘူး။ အာဏာရှင် စစ်အစိုးရလက်ထက် နှိမ်နင်းတာတွေကို ကျုပ်ပြောတာမဟုတ်ဘူး။ လက်ရှိ ဒီမိုကရေစီကို အကောင်အထည်ဖော်နေတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလောက်ကြီး မလုပ်သင့်ဘူး။ ကမ္ဘာကလည်း ကျုပ်တို့တိုင်းပြည်ကို အကောင်းဘက်ရှေးရှုပြီး ထောက်ခံနေတဲ့အချိန်မျိုးမှာ ဒါ ဘာကြောင့် လုပ်တာလဲ။ အဲဒါကို ပြန်လည် ချင့်ချိန်စဉ်းစားပြီး ပြတ်ပြတ်သားသားရပ်တည်သင့်ပြီဆိုတာကို ၈၈၊ အန်အယ်လ်ဒီ၊ တိုင်းပြည်ချစ်တဲ့မျိုးချစ်စိတ်ရှိသူတွေ၊ ရဟန်းသံဃာတွေ၊ ထင်ရှားတဲ့ပုဂ္ဂိုလ် ဆရာတော်သမားတော်ကြီးတွေ တပည့်တော်တို့ သာသနာ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ခဏလောက်ပဲ ပြတ်ပြတ်သားသား ရပ်တည်ပေးပါလို့ တောင်းပန် ပြောကြားရင်း ကျုပ်စကားကို အဆုံးသတ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013