DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်ကိုထွက်ခွာ
DVB
·
December 3, 2012
ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်ကိုထွက်ခွာ
Donate to DVB

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) ဟာ  အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးဖို့ ဒီနေ့ အိန္ဒိယနယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ထွက်ခွာသွားပါတယ်။

ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုဌာနချုပ်ကနေ အိန္ဒိယ - မြန်မာ အမှတ် ၂  ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း စတင်ထွက်ခွာသွားကြတာဖြစ်ပြီး နယ်စပ်ကနေ စစ်ကိုင်းတိုင်း ကလေးမြို့မှတဆင့်  ရန်ကုန်မြို့ကို လေကြောင်းနဲ့ ခရီးဆက်မှာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ချင်းလက်နက်ကိုင်အဖွဲ့ ဟာ လာမယ့် ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပြီး   ချင်းအမျိုးသားရေး၊ စစ်ဘက်ရေးရာ၊ ဖွံ့ဖြိုးရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေအပြင် ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတုန်းက ဆက်လက်ဆွေးနွေးဖို့ သဘောတူထားတဲ့ အချက်တွေကို  ဆွေးနွေးဖို့် စီစဉ်ထားတယ်လို့ အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို ချင်းအမျိုးသားတပ်ဦးဘက်က အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး ဦးဆောင်ပြီး အဖွဲ့ဝင်  ၂၁ ဦးတို့ တက်ရောက် ဆွေးနွေးမှာဖြစ်ပြီး  ဆွေးနွေးပြီးရင်တော့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီတွေ၊ ချင်းတက္ကသိုလ် ကျောင်းသားတွေအပါအ၀င် ချင်းတိုင်းရင်းသားတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ ရှိပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၂၁ ရက်ထိ စစ်ကိုင်းတိုင်း ကလေး - ကဘော်ဒေသရှိ ချင်းပြည်သူလူထု၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်နဲ့ တီးတိန်မြို့ပေါ်ရှိ ချင်းလူထုတွေအပြင် ချင်းပြည်နယ် အစိုးရနဲ့ တွေ့ဆုံဖို့လည်း အစီအစဉ် ရှိပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးအတွက်  နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့  ချင်းအမျိုးသားတပ်ဦးဟာ  ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ သဘောတူချက်တွေအရ ချင်းပြည်နယ် တီးတိန်၊ မတူပီနဲ့ ထန်တလန်မြို့တွေမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013