DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်ပြီး အမြင်သဘောထား
DVB
·
December 2, 2012
လက်ပန်းတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်ပြီး အမြင်သဘောထား
Donate to DVB

နိုင်ငံတော်သမ္မတက  ဒီဇင်ဘာ ၁ ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ပတ်သက်ပြီး နယ်ပယ်တချို့က ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေကို မေးမြန်းထားပါတယ်။

ဦးဥာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်လ်ဒီ)

“ကျနော် ပြောနိုင်တာတခုက အဖွဲ့ထဲမှာ ဥပဒေသမား လိုအပ်နေတယ်။ အရေးအခင်းတွေ ဖြိုခွဲတယ်ဆိုတာ ဥပဒေတွေ ရှိပါတယ်။ အဲအတိုင်း လုပ် မလုပ်ဆိုတာ ဥပဒေပညာရှင်တွေကပဲ အဓိက ပိုပြီး နားလည်တယ်။ အဲတခုပြောချင်တယ်။”

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ- အာရ်အန်ဒီပီဥက္ကဋ္ဌ)

“ဒေါ်အောင်ဆန်းစုကြည်ကို ဒီပြဿနာမဖြစ်ခင်ကတည်းက စုံစမ်းခွင့်လေး၊ ညှိနှိုင်းခွင့်လေး ပေးခဲ့ရင် ဒီပြဿနာ ပိုလှမှာပေါ့။ အခုတော့ ဖြစ်ပြီးကာလကြီးမှာမှ စုံစမ်းစစ်ဆေး တာဝန်ဖြစ်သွားတော့၊ လက်ရှိ ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးမှာ ဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးမှာ တာဝန်အင်မတန် ကြီးသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတခုအပေါ်မှာ စုံစမ်းတယ်၊ အဖြေရှာတယ်၊ နောင်မဖြစ်အောင် အတားအဆီး သို့မဟုတ် စည်းကမ်းချက်လေးတွေ ဖြစ်သွားအောင် ဒီကော်မရှင်ကနေ အကြံပြုနိုင်တယ်။ ဒီလိုပဲ စီမံကိန်းတွေ ရှိသင့်တယ်လေ။ စီမံကိန်းတွေရဲ့ အကျိုးအပြစ်တွေ လူထုသိအောင် ဘယ်လို ချပြသင့်တယ်။ နောက် ရှိသေးတဲ့ စီမံကိန်းတွေကိုလည်း လူထုသိအောင် စီမံဆောင်ရွက်ရင် ဒီလိုထိခိုက်မှုတွေ၊ မလိုအပ်ဘဲ အလွန်အကျွံအင်အားသုံး ဖြေရှင်းရတာမျိုး မဖြစ်ဖို့အတွက် လက်ရှိ ဒီမိုကရေစီအစိုးရမှာ လမ်းစရသွားရင်ဖြင့် စုံစမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်မှုအပေါ် ယုံကြည်တယ်။ ဒီလိုအကြံပြုတာကို လက်ခံရင်ဖြင့် တိုင်းပြည်အတွက်လည်း ကောင်းပါတယ်။”

သီဟစော (သတင်းစာဆရာ)

“အန်တီစုပါတာ မှန်တယ်။ လူ့အခွင့်အရေးကော်မရှင်က လူတွေပါတယ်၊ ကိုအောင်နိုင်ဦးတို့လည်း ပါတယ်။ အလုပ်လုပ်မယ်ဆိုရင်တော့ လုပ်လို့ရတဲ့ သဘောမှာရှိတယ်။ ဒါပေမယ့် အစိုးရလူတွေ များတဲ့ သဘောပါတယ်။ ပရော်ဖက်ဆာတွေ၊ လူ့အခွင့်အရေးကော်မရှင်ဆိုလည်း သံအမတ်ကြီးဟောင်းတို့ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းဟောင်းတို့ ပါတော့ အဲဒါတော့ နည်းနည်း စိတ်ပူတယ်။ တကယ်လုပ်မယ်ဆိုရင်တော့ လုပ်နိုင်တဲ့ ပညာရှင်တွေပါတာ တွေ့ရတယ်။ သူတို့တကယ် ဖော်ထုတ်မယ်ဆိုရင်တော့ သေချာအကျိုးရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မြင်တာ ၂ ပိုင်း။ တပိုင်းက အခုဖြစ်တဲ့ အကြမ်းဖက်နှိမ်နင်းမှုက ဘယ်လိုဖြစ်ရတယ်ဆိုတာကို လူထုကို သေချာပြောဖို့လိုတယ်။ နောက်တချက်က သဘာဝပတ်ဝန်းကျင်ကိစ္စကို တိတိကျကျ အစီရင်ခံစာ ထွက်လာဖို့ လိုတယ်။ အဲဒါသိတော့မှ ဒါကို ဆက်လုပ်သင့် မလုပ်သင့်၊ အလျှော့အတင်း ဘာတွေရှိလဲ အဲလို ရလဒ်ထွက်လာမယ်ဆိုရင်တော့ ကောင်းပါတယ်။”

ဦးကိုနီ (ရှေ့နေများကွန်ရက်)

“စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ပြီး တာဝန်ပေးတဲ့နေရာမှာ ကျနော်လိုချင်တဲ့ အချက်တချက် မပါလာဘူး။ ဘာလဲဆိုတော့ ဒီ မီးလောင်ဗုံးတွေဟာ ဘယ်ကဗုံးလဲ၊ ပြည်တွင်းမှာသုံးနေတဲ့ ဗုံးလား၊ တနိုင်ငံက ပို့ထားတဲ့ ဗုံးလား၊ ဒါတွေနဲ့ ပတ်သက်လို့ စမ်းသပ်ထားတာ ရှိလား၊ ဒါမှ မဟုတ် စမ်းလိုက်သလား အဲဒါကိုပါ စုံစမ်းဖော်ထုတ်ပေးစေချင်တယ်။ ဒါဟာ တော်တော်လေး အရေးကြီးတဲ့ကိစ္စဖြစ်နေတယ်။ ဒါမပါတာကိုတော့ ဝေဖန်ချက်ပေးချင်တယ်။”

ဆရာတင်မောင်သန်း (သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာဟောင်း)

“ကော်မရှင်ဟာ တော်တော် အရေးကြီးတယ်။ အသွင်ကူးပြောင်းရေးကာလတွေမှာ အတိတ်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာဟာ တော်တော်အရေးကြီးတဲ့ ကိစ္စကြီးတခု ဖြစ်ပါတယ်။ ကူးပြောင်းရေး အဆင်ချော၊ မချောဆိုတာ အဲအပေါ်မှာ မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို ကြည့်ရင်လည်း အင်မတန်မျှတပြီး ချင့်ချင့်ချိန်ချိန်ရှိပြီးတော့ ပါဝင်ပတ်သက်နေတဲ့ ပြဿနာတွေအားလုံးကို အသိအမှတ်ပြု နားလည်ထားတာ တွေ့ရတယ်။ ချိန်ဆမှု အလွန်ရှိတဲ့စကားမျိုး တွေ့ရတယ်။ အရင် ကြည့်ပုံကြည့်နည်းအတိုင်း ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် စကားတွေအပေါ် အားမရစရာတွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ အကူးအပြောင်းကာလဖြစ်တယ်။ အကူးအပြောင်းကာလမှာ ကော်မရှင်လုပ်ရပ်ဟာ လက်ပန်းတောင်းတောင် တင်မကဘူး၊ ပိုကြီးမားတဲ့ ကူးပြောင်းရေးကိစ္စဖြစ်တဲ့ အတိတ်နဲ့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ကော်မရှင်ကနေ ပုံစံတခုပြနိုင်တဲ့ အခြေအနေမှာရှိတယ်။ အတိတ်ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မူတွေကို ချမှတ်ပေးတာလည်း ဖြစ်နိုင်တယ်။ ခေါင်းဆောင်မှု၊ ရိုးသားမှု၊ အမြော်အမြင်ကြီးမှု၊ အနစ်နာခံမှု ဒါတွေအားလုံးဟာ ကော်မရှင်က ချမှတ်လိုက်မယ့် လုပ်ဆောင်ချက်တွေမှာ တွေ့ရမယ်လို့ မျှော်လင့်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013