
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အကွာအဝေး ကီလိုမီတာ ၆၀ (၃၇ မိုင်) ကျော် အထိ ပစ်ခတ်နိုင်တဲ့ အမြောက်အသစ်တွေ ထုတ်လုပ်နေတာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က မေ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းနဲ့ မြောက်ကိုရီးယား အရာရှိကြီးတွေဟာ ဒီနှစ်အတွင်း တောင်ကိုရီးယားနယ်စပ်နားမှာ ဖြန့်ချိတပ်ဆင်ဖို့ အသစ်တီထွင်ထားတဲ့ ဟောင်ဝစ်ဇာအမြောက်တင် သံချပ်ကာယာဉ်တွေကို မနေ့က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ KCNAက ဓာတ်ပုံတွေ ထုတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းက "နယ်စပ်တပ်ဖွဲ့တွေမှာ အသစ်တပ်ဆင်မဲ့ ဒီပြောင်းချောအမြောက်ကြီးတွေရဲ့ ပစ်ခတ်နိုင်စွမ်းဟာ ကြီးမားတဲ့ အားသာချက် ဖြစ်လာမယ်" လို့ပြောတဲ့အကြောင်း KRT သတင်းကြေညာသူ ရီချွန်ဟီးကလည်း ဖတ်ကြားသွားပါတယ်။
ဒီလက်နက်တွေဟာ ဆိုးလ်မြို့ကို ပစ်ခတ်နိုင်တဲ့ အကွာအဝေးထဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ တပ်ဆင်နိုင်ပြီး အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် မဟာဗျူဟာမြောက် လက်နက်တွေကို ဆယ်စုနှစ်ပေါင်းများစွာကတည်းက တီထွင်ထုတ်လုပ်နေတာပါ။
ဒါ့အပြင် ကင်မ်ဂျုံအန်းဟာ မေလ ၇ ရက်မှာ ခေတ်မီ ရေတပ်ဖျက်သင်္ဘော ၂ စင်းထဲက ၁ စင်းရဲ့ လမ်းကြောင်းပြ မောင်းနှင်နိုင်စွမ်းကို သီးခြားသွားရောက်စစ်ဆေးခဲ့ပြီး နောက်ထပ် ဖျက်သင်္ဘော ၂ စင်း ထပ်မံတည်ဆောက်ဖို့ကိုလည်း အမိန့်ပေးခဲ့ပါတယ်။
Source:Reuters










