DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အမွေအနှစ်ဝင်ရေး ကြိုးပမ်းနေသည့် မြောက်ဦး နန်းရာကုန်းတွင် လက်လုပ်မိုင်းတွေ့ရှိ
DVB
·
July 18, 2019
ကမ္ဘာ့အမွေအနှစ်ဝင်ရေး ကြိုးပမ်းနေသည့် မြောက်ဦး နန်းရာကုန်းတွင် လက်လုပ်မိုင်းတွေ့ရှိ
1 / 3
Donate to DVB

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ နန်းရာကုန်းမှာ ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းက လက်လုပ်နင်းမိုင်းတလုံး မပေါက်ကွဲမီ သိမ်းဆည်းရမိခဲ့ပါတယ်။

နန်းရာကုန်းဒုတိယအထပ်ရဲ့ တောင်ဘက်ခြမ်းမှာ အဝါရောင်ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ ဝါယာကြိုးတန်းလန်း အနေအထားနဲ့ အဲဒီနင်းမိုင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ဝန်ထမ်းတဦးက တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တပ်မတော်က လာရောက် ရှင်းလင်းသွားပြီလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးမြို့ဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

“ကြိုးနဲ့ဆို အန္တရာယ်ရှိတယ်ဆိုတော့ သွားလာနေတဲ့နေရာမှာ ခဲလုံးလေးတွေချပြီးတော့ လူတွေသွားမှာစိုးလို့ စောင့်ကြည့်ပြီး ပြောပေးတာပေါ့လေ။ ကျနော်လည်း သွားစောင့်နေတော့ ရဲလည်းရောက်လာတယ်။ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ကျနော်တို့နဲ့အတူပေါ့။ စောင့်နေတာပေါ့။ တပ်လာတော့မှပဲ တပ်က ဖယ်ရှား ရှင်းလင်းသွားတာပေါ့လေ”လို့ ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ မိုင်းကတော့ ဒေသန္တရ လက်လုပ်မိုင်းအမျိုးအစား နင်းမိုင်းဖြစ်တယ်လို့ သိရပါတယ်။ မိုင်းတွေ့ရှိခဲ့တဲ့ နေရာဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ယူနက်စ်ကိုဝင်ဖို့ ကြိုးပမ်းနေတဲ့ သတ်မှတ်ဧရိယာအတွင်းမှာ ပါဝင်တဲ့ နေရာတခုလည်းပါတယ်။

ဒါကြောင့် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီလိုမျိုးသာဆက်လုပ်နေမယ်ဆိုရင်း ယူနက်စ်ကို ဝင်ဖို့ အရေးကို အနှောင့်အယှက်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာသန်းထိုက်က ပြောပါတယ်။

“အမှန်ကတော့ အဲဒီလိုမျိုးတွေ တောက်လျှောက်ဖြစ်နေလို့ကတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တင်ဖို့ကတော့ အခက်အခဲရှိတာပေါ့ဗျာ။ ထိခိုက်တာပေါ့။ ကျနော်တို့က ဒါမျိုးမပေါက်ကွဲသေးလို့သာ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ပေါက်ကွဲပြီးတော့ လူတွေကို ထိခိုက်တယ်။ ဒဏ်ရာရတယ်။ ဘာညာ၊ သေဆုံးမှုတွေဖြစ်တယ်ဆိုရင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တင်သွင်းရေးအတွက် မကောင်းဘူးပေါ့လေ။ အနှောင့်အယှက် ဖြစ်တာပေါ့” လို့ ပြောပါတယ်။

ရခိုင်ဘုရင်တွေ နောက်ဆုံးထီးနန်းစိုက်ခဲ့တဲ့ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း ယူနက်စ်ကိုဝင်နိုင်ရေး အဆိုပြုမူကြမ်းဟာ လက်ရှိမှာ ၇၀ ရာခိုင်နှုန်းပြီးနေပြီဖြစ်ပြီး ဒီလ ၂၁ ရက်နေ့ တင်သွင်းတော့မှာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာတပ်မတော်တို့ မြောက်ဦးမှာ တိုက်ပွဲ ဖြစ်တုန်းကလည်း ယဉ်ကျေးမှုနယ်မြေအတွင်းက ဘုရားတချို့မှာ လက်နက်ကျည်တွေ ထိမှန်ခဲ့တာရှိသလို မသမာသူ တချို့ကလည်း ရှေးဟောင်းရုပ်တုတွေကို တရားမဝင် ခိုးယူရောင်းချမှုတွေ ရှိနေတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- သိန်းဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013