DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းဖုန်းအင်တာနက် သုံးစွဲခစနစ်သစ် ပိုပြီးသက်သာဟု ဆက်သွယ်ရေး ပြော
DVB
·
November 30, 2012
Donate to DVB

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကောက်ခံမယ့် မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲခ စနစ်သစ်ဟာ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ နှုန်းထားတွေနဲ့ အလားတူဖြစ်ပြီး ပိုသက်သာတဲ့ နည်းလမ်းဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်ကစပြီး ကောက်ခံမယ့် Volume Based Charging ခေါ် သုံးစွဲတဲ့ ပမာဏအလိုက် ပေးဆောင်ရမယ့် စနစ်သစ်ဟာ အင်တာနက် သုံးစွဲသူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တဲ့အကြောင်း၊ မိုဘိုင်းဖုန်းဌာန တာဝန်ခံ အင်ဂျင်နီယာတဦးက ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“Volume လိုက်ပြောင်းဖို့က အားလုံးစဉ်းစားပြီး ဆောင်ရွက်တဲ့ ကိစ္စ။ ဒါလဲပဲ နိုင်ငံတကာစနစ်အရ နိုင်ငံတိုင်းမှာ၊ operator တိုင်းမှာ volume ကို အခြေခံပြီး သုံးနေတာတွေကို စတင်ဆောင်ရွက်တဲ့အချိန်မှာ အိမ်နီးနားချင်းနိုင်ငံတွေမှာ သုံးတဲ့ operatorတွေကနေ လက်ရှိသုံးနေတဲ့ Volume Based Charging Planning ကို အားလုံးလေ့လာပြီးမှ ဆောင်ရွက်တဲ့ ကိစ္စဖြစ်တယ်။ ၁ မိနစ်ကို ၂ ကျပ်ပေးရမယ့်အစား 100kB ကို ၂ ကျပ် ဆိုသည်မှာ နိုင်ငံတိုင်းမှာရှိတဲ့ operator တွေကိုကြည့်ပြီးတော့မှ အကောင်းဆုံး၊ အသင့်လျော်ဆုံးဖြစ်တဲ့ ပြည်သူတွေအတွက် အသက်အသာဆုံးဖြစ်အောင်၊ ပိုပြီးသက်သာအောင် ဆောင်ရွက်တဲ့ နည်းလမ်းဖြစ်ကြောင်း ရှင်းလင်းချင်ပါတယ်။”

ဒါ့အပြင် မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးသူတွေအနေနဲ့  လက်ရှိကောက်ခံနေတဲ့ Time Based Charging သုံးစွဲချိန်အလိုက် ကောက်ခံတဲ့စနစ်နဲ့ ယှဉ်ရင် အခုကောက်မယ့် စနစ်သစ်က  ပိုပြီးသက်သာမယ့် အကြောင်း အခုလို  ဥပမာပေး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“Facebook တခုကို ဒေါင်းလုပ် လုပ်ကြည့်တဲ့အခါ ဘယ်လောက်ကုန်သွားလဲဆိုတာ စမ်းသပ်ကြည့်တဲ့အခါ facebook တခုကို ၂၇ မိနစ်လောက် သုံးထားတာရှိတယ်။ ၂၇ မိနစ်ကို 32 Kbyte ကုန်ပါတယ်၊ မိနစ်နဲ့ကောက်ရင် ၅၄ ကျပ်လောက်ကျမယ်၊ ဒါပေမယ့် volume နဲ့ကောက်ရင် ၁ ကျပ်လောက်ပဲကျမယ်။”

မြန်မာ့ဆက်သွယ်ရေးက  ဒီဇင်ဘာ ၁ ရက်ကစပြီး မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးစွဲသူတွေထံက ကောက်ခံမယ့် နှုန်းထားတွေနဲ့ စနစ်သစ် တွေကတော့ Plan A - Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြုတိုင်း ၂ ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။  ကြိုက်သလောက်သုံး၊ ကျသလောက်ပေးစနစ်ဖြစ်ပါတယ်။

Plan B ကတော့  Monthly Usage Plan ဖြစ်ပြီး၊ လစဉ် ၁၅၀၀ ကျပ် ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမယ်။ 200 Mbyte ထက်ပိုတဲ့  Data Usage ကို 100 Kbyte လျှင် ၂ ကျပ် နှုန်း ထပ်မံကောက်ခံမှာပါ။

Plan C ဟာ   Monthly Usage Data Plan ဖြစ်ပြီး၊ လစဉ် ၇၀၀၀ ကျပ် ကုန်ကျခံပါက 1 Gbytes ပမာဏရှိတဲ့  Data ကိုအသုံးပြုခွင့်ရမှာဖြစ်ပြီး၊ 1 Gbyte ထက်ပိုတဲ့  Data Usage ကို 100 Kbyte လျှင် ၂ ကျပ် နှုန်းထပ်မံကောက်ခံမှာ ဖြစ်ပါတယ်။

Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုတဲ့  အများပြည်သူတွေဟာ  ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်း မိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်းဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်းမန်နေဂျာရုံးများမှတဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A(Unlimited Data Plan) နဲ့ ကောက်ခံ ပေးသွားမည်ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစပြီး ကောက်ခံမယ့် မိုဘိုင်းဖုန်း အင်တာနက်သုံးစွဲခ စနစ်သစ်တွေဟာ  အရင်ဈေးထက်များတယ် ဆိုပြီး မြန်မာ့ဆက်သွယ်ရေးကို ဆနပြဖို့ ပြင်ဆင်နေကြတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မိုဘိုင်းဖုန်းတာဝန်ရှိသူတွေက အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013