DVB Logo
Home
မြန်မာသတင်း
အကြံပြုချက် ၃၇၀၀ ကျော်ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာအပေါ် မစိုးရိမ်ရန် ပူးပေါင်း ကော်မတီဝင်ပြော
DVB
·
July 18, 2019
အကြံပြုချက် ၃၇၀၀ ကျော်ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာအပေါ် မစိုးရိမ်ရန် ပူးပေါင်း ကော်မတီဝင်ပြော
Donate to DVB

ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာဟာ ဖြစ်ချင်တာတွေ စုထားတာပဲရှိသေးလို့ စိုးရိမ်စရာမရှိတဲ့အကြောင်းနဲ့ နိုင်ငံတော်အတွက် ဖြစ်သင့်တာတွေ ဖြစ်အောင် ဆက်ကြိုးစားသွားရမယ်လို့ လွှတ်တော် ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းဆောင်ရွက်ချက်ဟာ အခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း ရှိမရှိ ကြားနာပွဲအပြီးမှာ မီဒီယာတွေကို  ပြောကြားလိုက်တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ လတ်တလောဆောင်ရွက်နေတာတွေဟာ ပြင်ချင်တာ တွေ အကုန်လုံး စု စည်းတင်ပြထားတာဖြစ်ပြီး ဥပဒေကြမ်းတခု တင်သွင်း ဆွေးနွေးတဲ့အခါမှာ ဖြစ်နိုင်တာတွေ ပေါ်လာမယ်လို့ ဆိုပါတယ်။

"အဲ့လိုပြောခွင့် နှစ် ၆၀ အတွင်းမှာ ဘယ်တုန်းကမှမရခဲ့ဘူး။ အခုပြောလို့ရတယ်၊ ပြောကြတယ်။ ဒါဘာမှ မဆန်းဘူး။ အဲ့တော့ ဒီပြောခွင့်ရတဲ့အတိုင်း အကုန်လုံးကို လိုက်လုပ်ရ မှာလားဆိုတော့လည်း မဟုတ်ဘူး။ အဲဒီတော့ အခုပြောခွင့်ရလို့သာ ပြောချင်တာတွေ ဖြစ်ချင်တာတွေ အကုန်လုံးကို စုထားတဲ့ကိစ္စပဲ ရှိတဲ့အတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး။ ဖြစ်သင့်တာတွေကို ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်။ နိုင်ငံအတွက် ကြိုး စားရပါမယ်။ အခုကတည်းက ဟာ ဒီလောက်တောင်များနေလို့ ဆက်မလုပ်တော့ဘူးဆိုရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးလို့ရတာ၊ ရှေ့ကို တက်လှမ်းနိုင်တဲ့ ခြေလှမ်းတွေ ရပ်တန့်သွားမှာပေါ့ " လို့ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

လွှတ်တော်ထဲမှာ ဥပဒေကြမ်းဆွေးနွေးနိုင်ပြီဆိုရင်တော့ ဘာတွေ ပြင်နိုင်မလည်းဆိုတာ ပေါ်လာမှာဖြစ်ပြီး ပြည်သူတွေ လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ညှိနှိုင်းလို့အကောင်းဆုံး လမ်းကြောင်းကနေ စေတနာနဲ့ ဆောင်ရွက်သွားကြပါစို့လို့လည်း တိုက်တွန်းလိုက်ပါတယ်။

"ဥပဒေကြမ်း တင်လိုက်နိုင်ပြီဆိုရင်တော့ ဘယ်အဆင့် ရောက်သွားမလဲ။ ဖြစ်နိုင်တာတွေ ဘယ်ဟာတွေ ရလာမလဲ ဆိုတဲ့အဖြေ ပေါ်လာမှာပဲ။ အဲ့တာ နိုင်ငံတော်ရဲ့ တကယ့်ပြည်သူတွေ ကလည်း လိုလားတောင့်တနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တလှမ်းချင်း တလှမ်းချင်းရွေ့တဲ့နေရာမှာ အခုအခံအနည်းဆုံး၊ အဖြစ်နိုင်ဆုံးနဲ့ ညှိနှိုင်းလို့ အကောင်းဆုံး လမ်းကြောင်း ဖြစ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ရင်း စေတနာနဲ့ ဆောင်ရွက်သွား ကြပါစို့လို့ပဲ တိုက်တွန်းချင်ပါတယ်"  လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ တင်ပြတဲ့ အခန်းအလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အကြံပြုထားတဲ့ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်တာပါ။

ဒီအစီရင်ခံစာမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ မူလအတိုင်းထားဖို့  အကြံပြုချက် စုစုပေါင်း ၃၇၆၅ ချက်ရှိတယ်လို့ သိရပါတယ်။

အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အချက်များတာဟာ တိုင်းပြည်အတွက် အန္တရာယ်များတယ်လို့ တပ်မတော်သားအစု အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆို ထားပါတယ်။

ဒါ့အပြင်ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးကလည်း အချက်များစွာ ပြင်ဆင်ဖို့ ကြိုးစားတာဟာ အန္တရာယ်ရှိတယ်လို့ သုံးနှုန်းပြောဆိုထားပါတယ်။

ဒီလိုပြောဆိုတာဟာ ပြည်သူလူထုနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ခြိမ်းခြောက်သလို ဖြစ်နေပြီး ဘာကြောင့် အခုလို ခြိမ်းခြောက်တဲ့ စကားကို သုံးနှုန်းရလဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက မေးခွန်းထုတ်လိုက် ပါတယ်။ 

သတင်း- နေဖြိုးဝင်း/ အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013