DVB Logo
Home
မြန်မာသတင်း
စင်ကာပူကပြန်ပို့ပြီး ဖမ်းဆီးခံနေရသည့် ရခိုင်လူငယ်များကို အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်
DVB
·
July 18, 2019
စင်ကာပူကပြန်ပို့ပြီး ဖမ်းဆီးခံနေရသည့် ရခိုင်လူငယ်များကို အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်
1 / 5
Donate to DVB

စင်ကာပူနိုင်ငံကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသား ၆ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာ သီတင်းတပတ်နီးပါးရှိလာပြီဖြစ်ပေမယ့် အဆက်အသွယ် မရရှိသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ သံသယနဲ့ စင်ကာပူနိုင်ငံက ပြန်ပို့ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံလိုက်ရပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်တောက်နေတာကြောင့်  အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေဆီကို အကြောင်းကြားပေးဖို့ လိုလားနေကြတာပါ။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံရဲ့ညီ ကိုအောင်မြတ်ကျော်နဲ့ ရခိုင်စင်ကာပူအသင်းဥက္ကဋ္ဌ ကိုဟိန်းဇော် အပါအဝင် ရခိုင်အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ဦးတို့ကို အေအေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ထိန်းသိမ်းစစ်ဆေးပြီးနောက် မြန်မာနိုင်ငံကို ပို့လိုက်တာလို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံကို စတင်ပြန်လည်ရောက်ရှိလာကြတဲ့ နေ့မှာဘဲ ရန်ကုန်လေဆိပ်မှာ ကိုဟိန်းဇော်၊ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကိုတင်လှိုင်ဦးနဲ့အတူ ရခိုင်စင်ကာပူအသင်း ဒု-ဥက္ကဋ္ဌ မမေကြီး(ခေါ်) မအေးမြတ်မွန်တို့နှစ်ဦးနဲ့ ငှားလာတဲ့ ကားဆရာကိုမြတ်လင်းဦးတို့ကို ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးပေါ်မှာ ထိန်းသိမ်းခဲ့သလို ရခိုင်စင်ကာပူအသင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်ကိုလည်း စမ်းချောင်းမြို့နယ်က နေအိမ်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဘယ်နေရာတွေမှာ ထိန်းသိမ်းထားတယ်ဆိုတာကို အာဏာပိုင်တွေက  ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။ ဒါကြောင့် မိသားစုဝင်တွေကြား စိုးရိမ်နေသလို သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုသိရှိဖို့ ကိုတင်လှိုင်ဦးရဲ့ ညီမဖြစ်သူ မမာလာကပြောပါတယ်။

“စိုးရိမ်တာကတော့ အတိုင်းမသိပါဘဲ။ သူတို့ဖက်က ဘာမှအကြောင်းမကြားဘူးလေ။ ဘယ်လိုနေရာတွေမှာ ထိန်းသိမ်းထားမှန်းလည်း မသိဖြစ်နေတာပေါ့။ တကယ်လို့ သူတို့ဘက်က အပြစ်ရှိတယ်လို့ယူဆရင် တရားဥပဒေနည်းလမ်းအတိုင်းမှန်မှန်ကန်ကန် ဆောင်ရွက်ပြီးတော့ လုပ်စေချင်ပါတယ်။ ပြီးတော့ မိသားစုကို အကြောင်းကြားစေချင်တာပေါ့နော်။ အခုကကျတော့ ၅ ရက်၊ ၆ ရက် ရှိသွားပြီဆိုတော့ မိသားစုဝင်တွေအနေနဲ့ တော်တော်လည်း စိတ်ပူနေရတယ်” လို့ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ ရဲစခန်းတွေ၊ နောက်ပြီးတော့ သူတို့ကို လွှဲပြောင်းပေးလိုက်ပြီဆိုတဲ့ စခန်းတွေကို မိသားစုဝင်တွေက သွားရောက်မေးမြန်းကြရာ မှာလည်း စခန်းတာဝန်ရှိသူတွေက သူတို့မသိကြောင်း ပြန်လည်ပြောကြားကြ တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ထဲက မမေကြီး(ခေါ်) မအေးမြတ်မွန်ရဲ့ ညီမကဖြစ်သူ မနှင်းနှင်းရွှေက “ကျမတို့ အနေနဲ့ စိုးရိမ်တာက သူတို့သတ်များသတ်လိုက်ပြီ လားဆိုတဲ့ဟာမျိုးပေါ့။ မစိုးရိမ်လို့ မရတော့ဘူးလေ။ သူတို့က လူပျောက်သလိုပျောက်နေတာလေ။ သူတို့ဆီမှာရှိရင်လည်း ရှိတယ်ပေါ့။ စိစစ် နေတယ်ဆိုလည်း စိစစ်နေတယ်ပေါ့။ အဲလိုမျိုးလေး အာဏာပိုင်တွေဘက်က ပြောတာကို ကျမတို့က လိုချင်တာပေါ့နော်”လို့ ပြောပါတယ်။

သူတို့ကို အခုလို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အမေရိကန်ရောက် ရခိုင် တိုင်းရင်းသား ၁၅၀ ကျော်လောက်က ဇူလိုင် ၁၆ ရက်က ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သလို ဇူလိုင် ၁၇ ရက်နေ့ကလည်း ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေ အပါအဝင်အခြား တိုင်းရင်းသားတွေ ကလည်းပူးပေါင်းကန့်ကွက်ခဲ့ပါတယ်။

မြန်မာတာဝန်ရှိသူတွေကတော့ စင်ကာပူက သူတို့ကို မြန်မာနိုင်ငံကို ပို့လိုက်တဲ့ လုပ်ရပ်ဟာ သူတို့နဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောဆိုထားပေမယ့် မြန်မာနိုင်ငံကို ပြန်ရောက်ရှိ လာချိန်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က လိုအပ်တဲ့အချိန်ကျရင် သတင်းထုတ်ပြန်သွားမယ်လို့ မီဒီယာတချို့ကို ထုတ်ဖော် ပြောဆိုထားပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013