DVB Logo
Home
မေးမြန်းခန်း
ကြေးနီစီမံကိန်း သပိတ်နှိမ်နင်းမှု စုံစမ်းဖော်ထုတ်ရန် ၈၈ မျိုးဆက်ကျောင်းသားများတောင်းဆို
DVB
·
November 30, 2012
ကြေးနီစီမံကိန်း သပိတ်နှိမ်နင်းမှု စုံစမ်းဖော်ထုတ်ရန်  ၈၈ မျိုးဆက်ကျောင်းသားများတောင်းဆို
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အင်အားသုံး ဖြေရှင်းခဲ့တာနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အမြန်ဆုံးဖွဲ့စည်း စစ်ဆေးပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူထိခိုက်ခံစားရပါတယ်လို့လည်း နိုဝင်ဘာ ၂၉ ရက်က ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသဘောထားနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ဦးဇော်မင်း ခေါ် ဦးဘောင်းဘောင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ပန်းတောင်းတောင်မှာ အရေပြားလောင်တဲ့ဒဏ်ရာရကုန်တာ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ၈၈ ရဲ့ သဘောထားကို ပြောပြပါ။

“လတ်တလောတွေ့မြင်ရတဲ့ ပုံတွေအရ ကြားသိရတဲ့အရ၊ ကာယကံရှင်တွေနဲ့ ဖုန်းပြောရတော့လည်း သိရတာက ကျလာတဲ့ အငွေ့ရည်တွေက ကိုယ်တွေ သင်္ကန်းတွေမီးလောင်တယ်။ ရုပ်ပျက်ဆင်းပျက်တွေ တွေ့ရတယ်။ ဒါဟာ အလွန်အကျွံအင်အားသုံးတယ်။ သာမန် ကိုယ့်နိုင်ငံသားတွေကို မသုံးအပ်သော လက်နက်သုံးတာကို တွေ့ရတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက ဒီလက်နက်ကို ဘယ်သူသုံးတာလဲ၊ ဘယ်သူက အမိန့်ပေးတာလဲ၊ ဒါတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးရမယ်ဆိုတာကို ကြေညာချက်ထဲမှာလည်း ပါတယ်။”

အရေပြားလောင်ကျွမ်းခဲ့တဲ့ ဘုန်းကြီးတွေနဲ့ တွေ့ဆုံတာမျိုး သင်္ကန်းစတွေ၊ ပစ္စည်းပစ္စယတွေ လောင်ကျွမ်းမှုတွေကို ဓာတ်ခွဲခန်းမှာ ဆန်းစစ်ပြီး ဆောင်ရွက်တာမျိုးတွေ ရှိလား။ ဘာတွေ တွေ့ရလဲ။

“ကျနော်တို့ ၈၈ ကျောင်းသားတွေအနေနဲ့ ဒီနေ့ ညပိုင်းမှာ လက်ပန်းတောင်းတောင် ဒေသရော၊ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတော်တွေရော၊ ကာယကံရှင်တွေကိုရော ထိခိုက်ဒဏ်ရာရသူတွေရော အချက်အလက်အားလုံး ရယူဖို့အတွက် ကျနော်တို့ ရပ်တည်ပြီး ဘာလုပ်နိုင်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သွားဖို့ ပြင်ဆင်နေတယ်။ သွားတဲ့အခါ ရရှိလာတဲ့အချက်အလက်တွေပေါ် မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အမြန်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

လက်ပန်းတောင်းတောင် ဆန္ဒပြပွဲတွေ၊ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တချို့ကျောင်းသားလူငယ်တွေကြားမှာ၊ တက်ကြွလှုပ်ရှားသူတွေကြားမှာ ၈၈ မျိုးဆက်ကျောင်းသားတွေကို အားမရဘဲ နောက်ကချန်နေတယ်ဆိုပြီး ဝေဖန်သံတွေရှိတယ်။ ၈၈ ကျောင်းသားတွေက ဒီလိုဘာကြောင့် ရပ်တည်ရတယ်ဆိုတာ ရှင်းပြပေးပါ။

“ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့အခါမှာ တွက်ချက်မှု မျိုးစုံလုပ်ရတယ်။ တဖက်အနေအထားမှာ ဘယ်သူတွေဘာလုပ်နေသလဲ၊ ကျနော်တို့က ဘာတွေလုပ်နိုင်မလဲ ဆိုတာတွေအပေါ် မူတည်ပြီး သွားရတယ်။ သွားတဲ့အခါ ဒီမိုကရေစီနောက်ကြေင်းပြန်သွားမှု မဖြစ်ရအောင် တွက်ချက်ပြီး နိုင်ငံအကျိုးစီးပွား၊ ဒေသခံအကျိုးစီးပွား၊ ဆင်းရဲသားပြည်သူတွေရဲ့ အကျိုးစီးပွားများ တွက်ချက်ပြီးလုပ်နေရတဲ့အခါမှာ ကျနော်တို့ ဝေဖန်ပြောတာတွေရှိတယ်။ ”

“အဲဒါနဲ့ ပတ်သက်ပြီး လက်တွေ့သက်သေပြရမယ်။ ကျနော်တို့က ရှုထောင့်မျိုးစုံက ချဉ်းကပ်တဲ့အခါမှာ လက်တွေ့ကျကျလုပ်နိုင်ဖို့ လုပ်နေတယ်ဆိုတော့ အရွေ့မရှိသော၊ စနစ်မကျသော လုပ်ငန်းတခုကို ကျနော်တို့ လုပ်မှာမဟုတ်ဘူး။ စနစ်တကျနဲ့၊ ဒီမိုကရေစီပုံစံနဲ့၊ လွှတ်တော်က လွှတ်တော်ပုံစံချဉ်းကပ်မယ်၊ လွှတ်တော်ပြင်ပကလည်း လွှတ်တော်ပြင်ပနိုင်ငံရေးအရ ချဉ်းကပ်မယ်။ နည်းလမ်းမျိုးစုံနဲ့ သွားတဲ့အခါမှာ ကျနော်တို့အလုပ်ကို ကျနော်တို့ ဆက်လုပ်မယ်လို့ ပြောချင်ပါတယ်။”

ဒဏ်ရာရတဲ့ သူတွေကို ဘာများပြောချင်ပါသလဲ။

“ကျနော်တို့ရဲ့ သဘောထားမှာတော့ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်ကြတာပါ။ ဒီမိုကရေစီတနိုင်ငံမှာ ပြည်သူဟာ သူ့ရဲ့ရပိုင်ခွင့်၊ သူ့ရဲ့ ခံစားခွင့်တွေကို လွတ်လပ်စွာ တင်ပြ ထုတ်ဖ်ာခွင့်ရှိပါတယ်။ ဒီမိုကရေစီကျင့်စဉ်ကိုသွားတဲ့အခါမှာ ပြည်သူကလည်း ဒီမိုကရေစီကျင့်စဉ်နဲ့အညီ သွားမယ်၊ အစိုးရကလည်း ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ သွားဖို့ လိုပါတယ်။ အဲဒါကို အလွန်အကျွံဖြစ်မှုတွေ၊ အင်အားအလွန်အကျွံ သုံးမှုတွေဟာ ခေတ်နောက်ပြန်ဆွဲသလို ဖြစ်နေတယ်။ စနစ်ဟောင်းတွေ ကျန်နေသေးတယ်ဆိုတာ မကောင်းဘူး။ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကြေညာချက်မှာလည်း ဒဏ်ရာရသူတွေနဲ့ ထပ်တူထပ်မျှ ခံစားရတယ်။ ဒီလူတွေရဲ့ အရေးကိုလည်း လူမှုရေးလုပ်ဆောင်မှုအပိုင်းကနေ သွားမယ်။ စုံစမ်းဖော်ထုတ်မှုအတွက်ကို ကျနော်တို့ လုပ်နိုင်တဲ့ အလုပ်ကို ဆက်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်။ မကြာခင်မှာ ကာယကံရှင်တွေနဲ့ တွေ့ပြီး လုပ်ငန်းအနေနဲ့ ဆက်လက်ပေါ်ပေါက်လာမယ်လို့ ကျနော်ပြောချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013