DVB Logo
Home
မြန်မာသတင်း
၂၀၁၃ ခုတွင် ထိုင်းရောက် မြန်မာအလုပ်သမားများ တနေ့လုပ်အားခ ဘတ် ၃၀၀ ရမည်
DVB
·
November 30, 2012
၂၀၁၃ ခုတွင် ထိုင်းရောက် မြန်မာအလုပ်သမားများ တနေ့လုပ်အားခ ဘတ် ၃၀၀ ရမည်
Donate to DVB

ထိုင်းနိုင်ငံက နိုင်ငံသားစိစစ်ရေးဖြစ်စဉ်ကို အောင်မြင်ထားတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကနေ စတင်ပြီးတော့ ထိုင်းအလုပ်သမားတွေနည်းတူ တနေ့ လုပ်အားခ ၃၀၀ ဘတ်ပေးမယ်လို့ ဆိုပါတယ်။

ထိုင်းကို ရောက်ရှိနေတဲ့ မြန်မာလက်ထောက် အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းနဲ့ တွေ့ဆုံစဉ်မှာ ထိုင်းလက်ထောက် အလုပ်သမားဝန်ကြီး အနုဆုန် ခရိုင်ဝပ်နုဆောင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_33773" align="alignleft" width="300" caption="မဟာချိုင်ဒေသ ငါးပုစွန် အအေးခန်းစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

“ထိုင်းနိုင်ငံတ၀န်းလုံးက အလုပ်သမားတွေကို ၂၀၁၃ ဇန်န၀ါရီလကနေ စတင်ပြီးတော့ ပေးသွားမှာ ဖြစ်ပါတယ်၊ အလုပ်သမား အားလုံးအတွက် ပေးမှာ ဖြစ်ပြီး ဘယ်နိုင်ငံက လာလာ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။”

မြန်မာလက်ထောက်ဝန်ကြီးကို နယ်စပ်ဂိတ်တွေ ထပ်ဖွင့်ဖို့လည်း သူက တောင်းဆိုခဲ့တဲ့အကြောင်း ထိုင်း ပတ္တရားသတင်းစာက ရေးပါတယ်။

၂၀၁၂ ဧပြီလက စတင်ပြီးတော့ ထိုင်းနိုင်ငံက ခရိုင် ၅၀ အနက်က ဖူးကတ်၊ ဘန်ကောက် နခုတ်ပသုန်၊ စမတ် ပကန်၊ နောင်သဘူရီ၊ ပန်သူသနီနဲ့ ဆမတ်ဆခွန် ခရိုင် ၆ ခုမှာ အလုပ်လုပ်တဲ့ ထိုင်းအလုပ်သမားတွေ အတွက် တနေ့ လုပ်အားခ အနည်းဆုံး ဘတ် ၃၀၀ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တချို့သော အလုပ်သမားတွေက သတ်မှတ်ချက် အပြည့်အ၀ ရရှိခဲ့ခြင်းမရှိပါဘူး။ ထိုင်းနိုင်ငံက ဖရို ခရိုင်ဟာ လုပ်ခ လစာ ၂၂၂ ဘတ်နဲ့ အနည်းဆုံး လုပ်အားခ ရတဲ့နေရာ ဖြစ်ပါတယ်။

လက်ထောက် အလုပ်သမားဝန်ကြီး ဦးမြင့်သိန်းရဲ့ ထိုင်းခရီးစဉ်မှာ တွေ့ဆုံခဲ့တဲ့ ဘန်ကောက်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သောင်းက  အခုလို ပြောပါတယ်။

“ပတ်စပို့လုပ်ထားတဲ့ အလုပ်သမားတွေ၊ တာ့ခ်ခရိုင်က အလုပ်သမားတွေဟာ ဘန်ကောက်အပါအ၀င် မြို့ကြီးတွေကို သွားခွင့်မရှိဘူး။ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က ကျနော်အပါအ၀င် အလုပ်သမားတွေ စာရွက်စာတမ်းတွေ မပြည့်စုံလို့ ပိုက်ဆံတွေပေးရတယ်။ တယောက် ၂၀၀၀ ပေးရတယ်၊ ဂိတ်ဖြတ်တော့လည်း ၄၅၀ ပေးရတယ်။ ထိုင်းအာဏာပိုင်တွေ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တောင်းတာတွေ၊ ကျနော်တို့မြန်မာ အလုပ်သမားတွေ ယာယီပတ်စပို့ကိုင်ရုံနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ပေးဖို့ တောင်းဆိုပေးပါ။”

အရင် ဧပြီလကတည်းက သတ်မှတ်ခဲ့တဲ့ ၁ ရက် လုပ်အားခ ဘတ် ၃၀၀ ဟာ  မြန်မာအလုပ်သမားတွေအပေါ် သက်ရောက်မှု အားနည်းခဲ့သလို မြန်မာအလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူတွေလည်း ခရီးသွားလာခွင့်တွေ ကန့်သတ်ခံနေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းရှိပြီးတော့ ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီစိစစ်ရေးလုပ်ငန်းတွေကို ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

ထိုင်းအလုပ်သမား ၀န်ကြီးဌာန စာရင်းတွေအရ အလုပ်သမား ၅ သိန်း ၆ သောင်းကျော် နိုင်ငံသားစိစစ်ရေးကို ပါဝင်ခဲ့ကြပြီး ၄ သိန်း ၇ သောင်းလောက်ကို စိစစ်နိုင်ပြီးတော့ ၉ သောင်း ၂ ထောင်ကတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ရက်အတွင်းမှာ နိုင်ငံသားစိစစ်ရေးကို အလုပ်သမားတွေ အားလုံး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း လက်ထောက်ဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013