
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အီရန်အသင်းနေရာကို အီတလီအသင်းနဲ့ အစားထိုးပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကိုယ်စားလှယ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို တောင်းဆိုလိုက်တယ်လို့ ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာက ဧပြီ ၂၂ ရက်မှာ ဖော်ပြပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ် ပါအိုလို ဇမ်ပိုလီက “ကမ္ဘာ့ဖလားမှာ အီရန်အစား အီတလီကို ဝင်ကစားခွင့်ပေးဖို့ ထရမ့်ပ်နဲ့ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို တို့ကို ကျနော် အကြံပြုထားတာ မှန်ပါတယ်။ ကျနော်က အီတလီဖွားတယောက်ဖြစ်လို့ အမေရိကန်က အိမ်ရှင်အဖြစ် ကျင်းပမဲ့ ပြိုင်ပွဲမှာ အီတလီအသင်းကို မြင်တွေ့ရဖို့ဆိုတာ အိပ်မက်တခုပါပဲ။ ကမ္ဘာ့ဖလား ၄ ကြိမ်ရထားတဲ့ အီတလီဟာ ပါဝင်ခွင့်ရဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်” လို့ ပြောပါတယ်။
အီတလီအသင်းဟာ မတ်လက ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ဘော့စနီးယားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့လို့ ၃ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားလွဲချော်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမဲ့ အီရန်ဘက်ကတော့ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အီရန်အသင်းရဲ့ ပွဲစဉ်တွေကို အမေရိကန်အစား မက္ကဆီကိုမှာ ပြောင်းရွှေ့ကျင်းပဖို့ ဖီဖာကို အီရန်က တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုမှုအပေါ် ဖီဖာရဲ့ အကြောင်းပြန်ချက်ကို ရပြီးမှသာ ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်မယ်လို့ အီရန်က ဧပြီလအစောပိုင်းမှာ ပြောထားပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ကို ဒေါ်နယ်ထရမ့်ပ်က ဝေဖန်ခဲ့အပြီးမှာ ထရမ့်ပ်နဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ တို့အကြား ဆက်ဆံရေး အေးစက်သွားခဲ့ပါတယ်။
အခုအစီအစဉ်ဟာ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။










