DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ကိုင်းမြို့တွင် လူထောင်ချီ ဆန္ဒထုတ်ဖော်
DVB
·
July 17, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ကိုင်းမြို့တွင် လူထောင်ချီ ဆန္ဒထုတ်ဖော်
1 / 7
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံတဲ့ လူထုဆန္ဒ ထုတ်ဖော်ပွဲကို ဇူလိုင် ၁၇ ရက်မနက်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ကျင်းပပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အားနည်းချက်၊ အားသာချက်တွေရှိပြီး ဒီအခြေခံ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်အတွင်း ပြင်ဆင်ဖို့ ကြိုးစားနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ထောက်ခံတဲ့အနေနဲ့ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒ ထုတ်ဖော်သူတွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ ဦးဇော်ဝင်းက “ကျနော်တို့ နဂိုထဲက ကျနော်တို့ စိတ်ထဲမှာ အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာ၊ စတည်လာကတည်းက ကျနော်တို့ မကြိုက်တာတွေ ပါတယ်။ အဲဒီအခြေခံဥပဒေဟာ ၂၀၀၈ ခုနှစ်နေ စလာခဲ့တဲ့ခါကျတော့ ဒီနေ့ ဆယ်နှစ်ကျော် ဖြစ်လာခဲ့တဲ့အခါမှာ တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းသူပြည်သား အားလုံးက ကိုယ့်အသက်တမျှ လိုက်နာရမှာဖြစ်ပေမယ့်လည်း ဒီအခြေခံဥပဒေရဲ့ အားနည်းချက် တွေ၊ အားသာချက်တွေ၊ အားပျော့ချက်တွေ ရှိတာပဲ။ ဒါကြောင့်မို့ ဒီကိစ္စ ရပ်တွေပြင်ဆင်ဖို့ အတွက် ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တင်ပြတောင်းခံတဲ့အခါမှာ ထောက်ခံချင်လို့ ကျနော်တို့ ဒီပွဲလေး ဖြစ်လာတာပါ''လို့ ပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖွဲ့စည်းထားတဲ့ လွှတ်တော် ပူးပေါင်းကော်မတီ အပေါ်မှာလည်း အပြည့်အဝ မျှော်လင့်တယ်လို့ ဆန္ဒ ထုတ်ဖော်သူတွေက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ၅ လခန့်ကြာအောင် စိစစ်ရေး ဆွဲတင်ပြထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကိုလည်း ဇူလိုင်လ ၁၅ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒီအစီရင်ခံစာ အပေါ် ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဇူလိုင် ၂၂ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း ပေးသွင်းဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာထားပါတယ်။

ဒီကနေ့ဆန္ဒထုတ်ဖော်ရာမှာ အခြေခံဥပဒေကို ပြင်ဆင်ပြီး အစီရင်ခံစာ အတည်ပြုရေး၊ တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းအသစ်ကို အတည်ပြုပေးရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည်ဆိုတဲ့ ကြွေးကြော်သံ သုံးချက်ကို ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ စစ်ကိုင်းခရိုင်အတွင်းက လူအင်အား ထောင်ချီပါဝင်ကာ စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှ ချင်းစုလမ်းအတိုင်း ချင်းစုမီးပွိုင့်အထိ၊ အဲဒီကနေ မြို့မဈေးလမ်းမကြီးက တဆင့် မန္တ​လေး -ရွှေဘို လမ်းမကြီးအတိုင်း ဗိုလ်ချုပ်ကြေးရုပ်ထံ ပြန်လည်ချီတက်ကာ  ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013