DVB Logo
Home
Lead Story
ဖွဲ့စည်းပုံအကျပ်အတည်း ပြည်သူ့အကျိုးရှေးရှု ကျော်ဖြတ်စေလို (အယ်ဒီတာအာဘော်)
DVB
·
July 16, 2019
ဖွဲ့စည်းပုံအကျပ်အတည်း ပြည်သူ့အကျိုးရှေးရှု ကျော်ဖြတ်စေလို (အယ်ဒီတာအာဘော်)
Donate to DVB

ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရန် အကြံပြုချက်ပေါင်း ၃၇၆၅ ချက်ပါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်ပြီ ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၁၁၂ ချက်ဖြင့် အများဆုံး အကြံပြုထားပြီး ရခိုင်အမျိုးသားပါတီက ၈၅၈ ချက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ၁၁၃ ချက် အကြံပြုထားသည်။

အန်အယ်လ်ဒီပါတီ၏ အကြံပြုချက်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား အဆင့် ၃ ဆင့်ဖြင့် လျှော့ချပြီး ၂၀၃၁ ခုနှစ် နောက်ပိုင်း လွှတ်တော်အသီးသီး၌  တပ်မတော်သားအမတ် ၅ ရာခိုင်နှုန်းသာ ထားရှိရန် ပါဝင်သည်။

ထို့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည် ဆိုသည့် ပုဒ်မ (၂၀) အပိုဒ်ခွဲ (ခ) ကို ပယ်ဖျက်ရန်နှင့် နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉) (စ) ကို ပယ်ဖျက်ရန်လည်း အန်အယ်လ်ဒီက အကြံပြုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ပုဒ်မ (၄၃၆) အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မပါဘဲ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ၆၇ ရာခိုင်နှုန်းမဲဖြင့် ပြင်ဆင်နိုင်ရန်လည်း အန်အယ်လ်ဒီက အကြံပြုသည်။

ဒီမိုကရေစီနည်းမကျသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစဉ်တစိုက် တောင်းဆို ကြိုးပမ်းနေသည့်ကိစ္စ ဖြစ်သလို ရွေးကောက်ပွဲ ကတိကဝတ်လည်း ဖြစ်သည်။

ယခုကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းလိုက်ခြင်းသည် ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်ရန် အန်အယ်လ်ဒီက ခြေလှမ်းသစ် နောက်ထပ် တလှမ်း ထပ်လှမ်းလိုက်ခြင်း ဖြစ်သည်။

ယင်းခြေလှမ်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့က ဖွဲ့စည်းပုံနှင့် မညီဟုဆိုကာ အပြင်းအထန် ကန့်ကွက်နေကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ စဖွဲ့ကတည်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သလို ကော်မတီ အစည်းအဝေးများတွင်လည်း ပြင်ဆင်ရန် အဆိုပြုချက်ပေးခြင်း၊ သဘောထားပေးခြင်းများ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

အလားတူ အဓိက အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်အတိုင်းသာ ဆက်လက် ဆောင်ရွက်မည်ဟု သဘောထား ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကတော့ အဆိုပါ အစီရင်ခံစာကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ဇူလိုင် ၂၂ ရက် နောက်ဆုံးထား အမည်စာရင်း ပေးသွင်းရန် ကြေညာထားသည်။

အကြံပြုချက်ပေါင်း ၃၇၀၀ ကျော်ပါ အစီရင်ခံစာကို လေ့လာချိန်နည်းသဖြင့်  ရက်ထပ်တိုးပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့သည့် မင်းကင်းအမတ် ဦးမောင်မြင့်က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲတုန်းက ရှစ်နှစ်ကြာတယ်။ ရှစ်နှစ်ကို ရှစ်မိနစ်တည်းနဲ့ ပြင်လို့မရဘူး” ဟု မီဒီယာများကို ပြောကြားသည်။

တကယ်တမ်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီမိုကရေစီ အင်အားစုများက တောင်းဆိုခဲ့ကြသည်မှာ ယခုမှမဟုတ်၊ ဖွဲ့စည်းပုံရေးဆွဲရန် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ် ညောင်နှစ်ပင် အမျိုးသားညီလာခံကတည်းက ဖြစ်သည်။

ယခု နှစ်ပေါင်း ၂၆ နှစ်ကြာမှ ပြင်ဆင်ရေးလမ်းပေါ် စတင်လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းချက် အထမြောက် အောင်မြင်ခဲ့ခြင်း မရှိပေ။

ယခုအစီရင်ခံစာကို လွှတ်တော်တွင်း ဆက်လက်ဆွေးနွေး ငြင်းခုံကြပြီးနောက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတခု ရေးဆွဲတင်သွင်းကာ ဆက်လက် ဆွေးနွေးငြင်းခုံကြရဦးမည် ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ရန် လိုသည်ဟု ယမန်နေ့က လွှတ်တော်ကို လာရောက်ခဲ့သည့် ဦးမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်များက ပြောထားသည်။

မကြာမီကာလတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံမှုများနှင့် ကန့်ကွက်မှုများ အကြား ပွတ်တိုက်မှုများကာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာနိုင်သည်ဟု ရှုမြင်မိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာပြည်သူလူထု အနေဖြင့် ပြည်တွင်းစစ်ဘေး၊ သဘာဝဘေး အပါအဝင် ဘေးအန္တရာယ် မျိုးစုံဖြင့် ကြုံဆုံနေကြရသည်။

သို့ဖြစ်ပါ၍ ပြည်သူအပေါင်း ဘေးဒုက္ခများ ဆထက်ထမ်းပိုး ပိုမိုမခံစားကြရစေရန်၊ ပဋိပက္ခများ ထပ်တိုးမလာစေရန် ဖွဲ့စည်းပုံ အကျပ်အတည်းကို ပြည်သူနှင့် နိုင်ငံအကျိုး ကြည့်၍  အကောင်းဆုံး အဖြေရှာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြရန် သက်ဆိုင်သူအပေါင်းကို တိုက်တွန်းလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013